“နိုဗိုစီဗစ်ဒေသ နှင့် မြန်မာနိုင်ငံအကြားထုတ်ကုန်ပစ္စည်းများ အပြန်အလှန်တင်ပို့မည့် ကိစ္စရပ်များဆွေးနွေး”
05 Nov
မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ရုရှားနိုင်ငံ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E Mr.Andrey Aleksandrovich Travnikov ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က နိုဝင်ဘာလ ၄ ရက်မှာ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများကို ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံနှင့် နိုဗိုစီဗစ်ဒေသတို့အကြား စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုဖလှယ်ရေး၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးစတဲ့ ကဏ္ဍပေါင်းစုံတို့မှာ ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများလုပ်ဆောင် ခဲ့ကြောင်းသိရပါတယ်။ ဒါ့အပြင် ထုတ်ကုန်ပစ္စည်းများ အပြန်အလှန်တင်ပို့၍ ကုန်သွယ်မှုမြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ မကြာမီကျင်းပမယ့် ရွေးကောက်ပွဲဖြစ်မြောက်စေရေးအတွက် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ရွေးကောက်ပွဲကျင်းပပြီးချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်း သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ပြီး ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အားပေးထောက်ခံလျက်ရှိတဲ့ အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါတွေ့ဆုံမှုမှာ ယာယီသမ္မတနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ်၊ ကော်မရှင် အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ပြီး ရုရှားနိုင်ငံ ဖက်မှလည်း နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးနှင့်အတူ ရုရှားသံအမတ်ကြီးနှင့် နိုဗိုစီဗစ်ဒေသ အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။(NVS 004)