နိုဝင်ဘာလ ၃ ရက်မှ ၆ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုပ်းရွာနိုင်
03 Nov
အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများနှင့် ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းနှင့် ဆက်စပ်လျက် ရှိသော မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဒေသအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၊ အထက် ပင့်တက်လေအားကောင်းရာမှ ဒေါင်လိုက်တိမ်ဖြစ်ထွန်းမှု အားကောင်းသည့်အတွက် မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း များကြောင့် နိုဝင်ဘာလ ၃ ရက်မှ ၆ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။ အဆိုပါ မိုးလေဝသဖြစ်စဉ်များကြောင့် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။ သို့ဖြစ်၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် သတိပေးနှိုးဆော် ထားကြောင်း သိရပါတယ်။ ဒါ့အပြင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဒေသအနီးတွင် ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်းနှင့် မြောက်-အနောက်မြောက်ဘက်သို့ နောက် ၃၆ နာရီအတွင်း ရွေ့လျားနိုင်ပြီး ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း၊ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းနှင့် ဆက်စပ်လျက် ရှိသော မြစ်ဝကျွန်းပေါ် ကမ်းလွန်ဒေသများသို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထုတ်ပြန်ထားပါတယ်။(NVS 004)