ကာရစ်ဘီယံဒေသ စစ်အင်အားအလွန်အကျွံသုံးနေဟု အမေရိကန်နိုင်ငံကို ရုရှားနိုင်ငံဝေဖန်
03 Nov
ကာရစ်ဘီယံဒေသ မူးယစ်မှောင်ခိုပြဿနာအတွက် အမေရိကန်နိုင်ငံက စစ်အင်အားအလွန်အကျွံ သုံးစွဲနေမှုကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁ ရက်တွင် ဝေဖန်ရှုတ်ချကြောင်း သတင်းများ ဖော်ပြခဲ့သည်။ အမေရိကန်နိုင်ငံအနေဖြင့် ကာရစ်ဘီယံဒေသ၌ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းများ ဖော်ဆောင်ရာတွင် စစ်အင်အားအလွန်အကျွံသုံးစွဲမှုကို မိမိတို့ ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမေရိကန်နိုင်ငံ၏ လုပ်ရပ်များသည် အမေရိကန်ပြည်တွင်း ဥပဒေများသာမက နိုင်ငံတကာဥပဒေ များကိုလည်း ချိုးဖောက်ရာရောက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ထားသည်။ တရားမဝင် မူးယစ်ကုန်သွယ်မှုလုပ်ငန်း နှိမ်နင်းရေးလုပ်ငန်းစဉ်အရ အမေရိကန်တပ်မတော်သည် ကာရစ်ဘီယံဒေသနှင့် အရှေ့ ပစိဖိတ်ဒေသများ၌ မူးယစ်ဆေးဝါးတင် ရေယာဉ်များအဖြစ် ယူဆရသောရေယာဉ် ၁၄ စီးကို တိုက်ခိုက်ခဲ့ရာ လူပေါင်း ၆၁ ဦး သေဆုံးခဲ့ရသည်။ အမေရိကန်နိုင်ငံသည် ပြီးခဲ့သည့်လများအတွင်း ကာရစ်ဘီယံဒေသသို့ တိုက်လေယာဉ်များ၊ စစ်သင်္ဘော များနှင့် တပ်ဖွဲ့ဝင်ရာပေါင်းများစွာ စေလွှတ်၍ စစ်အင်အားတည်ဆောက်ထားသည်။ ကာရစ်ဘီယံဒေသ၌ အမေရိကန်နိုင်ငံက စစ်အင်အားအလွန် အကျွံသုံးစွဲနေချိန်တွင် ဗင်နီဇွဲလားအစိုးရ၏ အချုပ်အခြာနယ်မြေ ကာကွယ်ရေးကြိုးပမ်းမှုများကို ရုရှားနိုင်ငံကထောက်ခံကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာန ကြေညာချက်တွင် ဖော်ပြထားသည်။