အခြေခံရည်ညွှန်း စပါးဈေးနှုန်း တင်း (၁၀၀)ကို ကျပ် ၁၁ သိန်းခွဲ သတ်မှတ်
01 Novစပါးသီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူလယ်သမားများ သင့်တင့်မျှတသည့် ဈေးကွက်နှင့် ဈေးနှုန်း ဖြစ်ပေါ်စေရေးအတွက် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ စိုက်ပျိုးထုတ်လုပ်မည့် စပါးသီးနှံအတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က အောက်တိုဘာ ၃၁ ရက် ကြေညာချက်အမှတ်(၁/၂၀၂၅) ဖြင့် သတ်မှတ်ထုတ်ပြန်ခဲ့ပါတယ်။ အစိုဓါတ် (၁၄) ရာခိုင်နှုန်းရှိ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်သွေးဆိုင်ရာ သတ်မှတ် စံချိန်စံညွှန်း များနှင့်ကိုက်ညီသည့် တစ်တင်း (၄၆) ပေါင်ကိုက် စပါးတင်း(၁၀၀)၏ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ငွေကျပ် (၁,၁၅၀,၀၀၀)သတ်မှတ်ခဲ့ပါတယ်။ ဈေးကွက်ပေါက်ဈေးမှာ အခြေခံရည်ညွှန်းဈေးနှုန်းအပေါ်တွင်ဖြစ်ပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရန်နှင့် ပေါက်ဈေးအောက်တွင်ဖြစ်ပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူရမည်ဖြစ်ကြောင်းနှင့် ယခု သတ်မှတ်သည့် အခြေခံရည်ညွှန်းစပါးဈေးနှုန်းသည် ၂၀၂၅ ခုနှစ် မိုးစပါးနှင့် ၂၀၂၆ ခုနှစ် နွေစပါးတို့အတွက် ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရပါတယ်။ အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချရန်အခက်ခဲရှိသည့် တောင်သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များနှင့် အသင်းချုပ်ရုံးသို့ ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။(NVS 004)