ရထားလက်မှတ်များကို ဖုန်းမှတစ်ဆင့် ကြိုတင်ဝယ်ယူနိုင်ပြီ

01 Nov

ရန်ကုန်-နေပြည်တော်-မန္တလေးလမ်းပိုင်းတွင် ပြေးဆွဲလျက်ရှိတဲ့ အမှတ်(၇)အဆန်၊ (၈)အစုန်၊ အမှတ်(၃၁) အဆန်/(၃၂)အစုန် DEMU ရထားများနှင့် အမှတ်(၂၇)အဆန်/(၂၈)အစုန် RBE ရထားများနှင့် စီးနင်းလိုက်ပါလိုသူ ခရီးသွားပြည်သူများအနေနဲ့ လိုက်ပါစီးနင်းလိုသည့် ခရီးစဉ်များအတွက် ရထားလက်မှတ်များကို ဖုန်းမှတစ်ဆင့် ကြိုတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ အသိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။ ရထားလက်မှတ်များကို ခရီးသွားမည့်ရက်မတိုင်မီ (၅)ရက်ကြိုတင်၍ သက်ဆိုင်ရာဘူတာများသို့ ခရီးသွားမည့် သူ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကဒ်အမှတ်၊ ရထားစီးနင်းလိုက်ပါလိုသည့် နေ့ရက်၊ ခရီးစဉ်၊ ရထားအမှတ်နှင့် တွဲအတန်းအစားတို့ကို ဆက်သွယ်အကြောင်းကြားရမှာဖြစ်ပါတယ်။ ခရီးသွားမည့်ရက်မတိုင်မီ (၃)ရက်အလိုတွင် ဖုန်းဖြင့်ထပ်မံဆက်သွယ်၍ သက်ဆိုင်ရာဝန်ထမ်းထံမှ ခရီးစဉ်အတွက် ထိုင်ခုံနေရာလစ်လပ်မှု ရှိ/မရှိနှင့် လစ်လပ်မှု ရှိပါက Viber မှတစ်ဆင့် လက်မှတ်ကျသင့်ငွေနှင့် MMQR Code အား ဆက်သွယ်ရယူရမှာ ဖြစ်ပါတယ်။ ကျသင့်ငွေကို မည်သည့် Online Payment အမျိုးအစားနှင့်မဆို ငွေပေးချေနိုင်မှာဖြစ်ပြီး ငွေပေးသွင်း ပြီးကြောင်း အထောက်အထားကို (၁)နာရီအတွင်း Screenshot ပြုလုပ်ကာ သက်ဆိုင်ရာဖုန်းသို့ Viber မှတစ်ဆင့် ပြန်လည်ပေးပို့‌ ပေးရမှာဖြစ်ပါတယ်။ မီးရထားဝန်ထမ်းက ငွေပေးချေပြီးကြောင်း အထောက်အထားရရှိပါက ခရီးသွားမည့်သူထံသို့ စီးနင်းလိုက်ပါမည့်ခရီးစဉ်ပါ တွဲ/ထိုင်ခုံနံပါတ်တို့အား ပြန်လည်ပေးပို့ပေးမှာဖြစ်ပါတယ်။ ခရီးသွားမည့်သူက သက်ဆိုင်ရာဘူတာသို့ ရထားမထွက်မီ(၁)နာရီအလို ကြိုတင်လာရောက်၍ ဘူတာလက်မှတ်ရုံတွင် ငွေပေးသွင်းပြီးကြောင်း အထောက်အထားကိုပြသ၍ ရထားလက်မှတ်ကို တောင်းခံထုတ်ယူရမှာဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသွားပြည်သူများအနေနဲ့ ရထားလက်မှတ်များအား ပိုမိုအဆင်ပြေစွာ ဝယ်ယူနိုင်ရန် မြန်မာ့ မီးရထားက ရထားလက်မှတ်များအား Online မှ ရောင်းချခြင်းနှင့် ငွေပေးချေခြင်း(Online Railway Ticketing and Payment System-ORTP)စနစ်ကို အကောင်အထည်‌ဖော်နိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိနေပြီး မကြာမီကာလအတွင်း ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် ပြေးဆွဲပေးနေသော လူစီးရထားများအတွက် ရှေ့ပြေးစမ်းသပ်အစီအစဉ်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ ရထားလက်မှတ်ဝယ်ယူမှုနှင့်ပတ်သက်၍ လက်မှတ်ခအပိုကြေးပေးရခြင်းနှင့် လက်မှတ်မှောင်ခိုဝယ်ယူ ရခြင်းများ ကြုံတွေ့ရပါက ဆက်သွယ်တိုင်ကြားရန် ဖုန်းနံပါတ်များကိုလည်း ထုတ်ပြန်ထားရှိပါတယ်။(NVS 004)

01 Nov

ADVERTISE HERE .