ကမ္ဘာ့ခေါင်းဆောင်များက ကမ္ဘာ့ကုန်သွယ်ရေးအခြေအနေများကို APEC ထိပ်သီးညီလာခံ၌ဆွေးနွေး
01 Nov
အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့(APEC)၏ အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များက ထိပ်သီးညီလာခံကို တောင်ကိုရီးယားနိုင်ငံ၌ အောက်တိုဘာလ ၃၁ ရက်တွင်ကျင်းပရာ ကမ္ဘာ့ခေါင်းဆောင်များက ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။ ထိပ်သီးညီလာခံသို့ တက်ရောက်လာသူများသည် ကမ္ဘာ့ကုန်သွယ်ရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်နေစဉ် အတွင်း ကြံ့ကြံ့ခံနိုင်စွမ်းရှိစေရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုရှိစေရန်တို့အတွက် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။ အိမ်ရှင်နိုင်ငံဖြစ်သည့် တောင်ကိုရီးယားနိုင်ငံမှ သမ္မတ လီဂျေးမြောင် က နိုင်ငံများ ကြား ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းလုံးညီညွတ်မှုရှိရန် တောင်းဆိုထားသည်။ ထို့နောက် တရုတ်သမ္မတ ရှီကျင့်ဖျင် က မိန့်ခွန်းပြောရာတွင် နိုင်ငံများအားလုံးပါဝင်သော ပွင့်လင်းအာရှ-ပစိဖိတ် စီးပွားရေးအဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်ရန်အပါအဝင် အကြံပြုချက်ငါးချက်ကို တင်သွင်းခဲ့သည် ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားသည်။ အလားတူ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို မဏ္ဍိုင်ပြု၍ နိုင်ငံပေါင်းစုံပါဝင်သည့် ကုန်သွယ်ရေးစနစ်အပေါ် ဘေးအန္တရာယ်များ ကျရောက်မှုမရှိစေရေး ဆောင်ရွက်သွားရန်လည်း ရှီကျင့်ဖျင် က တောင်းဆိုထားသည်ဟု သိရသည်။