“မေဂျာလိဂ် ဒုတိယလစာအများဆုံး ဖြစ်လာတဲ့ ဆွန်ဟောင်မင်”

31 Oct

လော့စ်အန်ဂျလိစ် အက်ဖ်စီအသင်းရဲ့ တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင် ဟာ နောက်ဆုံးထုတ်ပြန် ထားတဲ့စာရင်းတွေအရ မေဂျာလိဂ်ရဲ့ ဒုတိယလစာအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။ မေဂျာလိဂ် ကစားသမားအစည်းအရုံးက နောက်ဆုံးရရှိထားတဲ့ လုပ်ခလစာစာရင်းတွေကို ဗုဒ္ဓဟူးနေ့က တရားဝင် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ မေဂျာလိဂ်ရဲ့ လုပ်ခလစာအများဆုံးကစားသမားကတော့ အင်တာ မိုင်ယာမီအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ ဖြစ်ပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၄ သန်း ရရှိနေတာဖြစ်ပါတယ်။ အခုနွေရာသီမှာ စပါးအသင်းကနေ LAFC အသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဆွန်ဟောင်မင် က တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၂ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဆွန်ဟောင်မင်နဲ့ LAFC အသင်းတို့ စာချုပ်က ၂၀၂၇ အထိသက်တမ်းရှိနေပြီး ၂၀၂၉ အထိသက်တမ်းတိုးနိုင်တဲ့ သဘောတူညီချက်ကိုပါ ထည့်သွင်းချုပ်ဆိုထားတာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဆွန်ဟောင်မင် ဟာ အခုရာသီမေဂျာလိဂ် ၁၀ ပွဲမှာ ၉ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးကာ ခြေစွမ်းပြထားနိုင်တာဖြစ်ပါတယ်။ ထုတ်ပြန်ချက်အရ မေဂျာလိဂ်ရဲ့ လုပ်ခလစာအများဆုံး ၅ ယောက်ထဲမှာ မက်ဆီရဲ့ အင်တာမိုင်ယာမီအသင်းဖော် ဘက်စကွက်စ်၊ အတ္တလန္တာယူနိုက်တက် ကစားသမား အယ်မီရွန်နဲ့ ဆန်ဒီယေဂိုအသင်း ကစားသမား လိုဇာနို တို့ ပါဝင်နေတယ်လို့ သိရပါတယ်။ (NVS 008)

31 Oct

ADVERTISE HERE .