“အုပ်စုကထွက်ခဲ့ရရင်တောင် ဒေါ်လာ ၁ သိန်းရရှိမယ့် အား/ကာသိပ္ပံအမျိုးသမီးအသင်း”
31 Oct
ယခုရာသီ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိထားတဲ့ အား/ကာသိပ္ပံအမျိုးသမီး အသင်းဟာ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရမယ်ဆိုရင်တောင် ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ရရှိမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ အား/ကာသိပ္ပံ အမျိုးသမီးအသင်းဟာ ယခုရာသီ အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲအုပ်စု(C)မှာ ကမ္ဘာ့အမျိုးသမီးအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယားကလပ်အသင်းတွေနဲ့အတူ ကျရောက်နေလျက်ရှိပါတယ်။ အား/ကာသိပ္ပံအမျိုးသမီးအသင်းပါဝင်တဲ့ အုပ်စု(C)ပွဲစဥ်တွေကို မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် ရန်ကုန်မြို့သုဝဏ္ဏကွင်းမှာ လက်ခံကျင်းပခွင့်ရရှိထားပါတယ်။ အုပ်စု(C)ပွဲစဥ်တွေကို လာမယ့် နိုဝင်ဘာလ ၉ မှ ၁၅ ရက်တို့မှာ တစ်ရက် နှစ်ပွဲနှုန်းနဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ MFF ဟာ လက်မှတ်ဈေးနှုန်းတွေကို ၂,၀၀၀ ကျပ်နှင့် ၅,၀၀၀ ကျပ်သတ်မှတ်ထားပြီး လက်မှတ်တစ်စောင်ကို တစ်ရက်စာနှစ်ပွဲ ကြည့်ရှုခွင့်ပြုထားပါတယ်။ အုပ်စု(C)ပွဲစဥ်တွေကို အာရှဘောလုံးအဖွဲ့ချုပ်ထံက မူပိုင်ခွင့်ရရှိထားတဲ့ SKY Net ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ (NVS 008)