အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံးနျူကလီးယားဓာတ်အားပေးစက်ရုံ ၂၀၃၂ ခုနှစ်တွင် စတင်လည်ပတ်မည်
29 Oct
၂၀၆၀ ပြည့်နှစ်တွင် မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု သုညရာခိုင်နှုန်းသို့ရောက်ရှိရန် ကြိုးစားမှုတစ်စိတ် တစ်ပိုင်းအဖြစ် အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ပထမဆုံးနျူကလီးယားဓာတ်အားပေးစက်ရုံကို ၂၀၃၂ ခုနှစ်တွင် စတင်လည်ပတ်ရန် မျှော်လင့်ထားကြောင်း စွမ်းအင်နှင့် ဓာတ်သတ္တုအရင်းမြစ် ဒုတိယ ဝန်ကြီး ယူလီယော့က ပြောကြားလိုက်သည်။ အောက်တိုဘာလ ၂၇ ရက်က ကျင်းပပြုလုပ်ခဲ့သည့် နျူကလီးယားစွမ်းအင် ထိန်းချုပ်ရေး အေဂျင်စီအမှုဆောင်အစည်းအဝေးတွင် ယူလီယော့ က နျူကလီးယားစွမ်းအင်ကို ယခုအခါအမျိုးသား စွမ်းအင် လုံခြုံရေးနှင့်ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မဟာဗျူဟာမြောက်ရွေးချယ်မှုအဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့ သည်။ နျူကလီးယားဓာတ်အားပေးစက်ရုံကို နောက်ဆုံးနည်းလမ်းအဖြစ် မသတ်မှတ်သော်လည်း အမျိုးသား စွမ်းအင်စီမံကိန်း၏အရေးကြီးသော အစိတ်အပိုင်းအဖြစ် သတ်မှတ်ပါကြောင်း ယူလီယော့က ပြောကြားခဲ့သည်။ အဆိုပါမူဝါဒသည် အင်ဒိုနီးရှားရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်နှင့်အညီ ရေးဆွဲထားရုံမျှမက အစိုးရ၏ မကြာသေးမီက ထုတ်ပြန်လိုက်သည့် နိုင်ငံတော်စွမ်းအင်မူဝါဒဆိုင်ရာ စည်းမျဉ်းများနှင့်လည်း ကိုက်ညီကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ အစိုးရ၏လမ်းညွှန်ချက်အောက်တွင် နျူကလီးယားစွမ်းအင်သည် ၂၀၃၀ ပြည့်နှစ်တွင် အင်ဒိုနီးရှားစွမ်းအင်ရောနှောအသုံးပြုမှု၏ ငါးရာခိုင်နှုန်းနှင့် ၂ဝ၆၀ ပြည့်နှစ်တွင် ၁၁ ရာခိုင်နှုန်း အထိ ရှိလာမည် ဖြစ်သည်။ ရှေ့အလားအလာကောင်းများရှိနေချိန်တွင် ရန်ပုံငွေ၊ ဆောက်လုပ်ရေးကြာချိန်နှင့် အများ ပြည်သူဘေးကင်းရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် စိန်ခေါ်မှုများကို ယူလီယော့ က အသိအမှတ်ပြုခဲ့သည်။ အစိုးရသည် နျူကလီးယားလုပ်ငန်းများတွင် ဘေးကင်းမှုနှင့်ထိရောက်မှုရှိစေရန်ဘေးအန္တရာယ် လျော့ပါးသက်သာ ရေး၊ စည်းကမ်းထိန်းသိမ်းရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစီအမံများကို အားဖြည့်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။