“ဘူရီဗက်စနစ် နျူကလီးယားစွမ်းအင်သုံး ခရုစ်ဒုံးကျည်သစ် ရုရှားနိုင်ငံစမ်းသပ်”
27 Oct
နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သော နျူကလီးယားစွမ်းအင်သုံး ခရုစ်ဒုံးကျည်သစ်တစ်မျိုးကို ရုရှားနိုင်ငံက စမ်းသပ်ခဲ့ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ ဘူရီဗက်စနစ်အမည်ရှိ အဆိုပါနျူကလီးယားစွမ်းအင်သုံး ခရုစ်ဒုံးကျည်စမ်းသပ်မှုကို ရုရှားစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဂျီရာဆီမော့ဗ် က ရုရှားသမ္မတ ပူတင် နှင့်တွေ့ဆုံစဉ် အတည်ပြုတင်ပြခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်ကြီး ဂျီရာဆီမော့ဗ် ၏ အဆိုအရ ဘူရီဗက်စနစ် ခရုစ်ဒုံးကျည်သည် စမ်းသပ်မှုအတွင်း ၁၅ နာရီကြာ ပျံသန်းခဲ့ပြီး ခရီးအကွာအဝေးမိုင် ၈,၇၀၀ ထိ ရောက်ရှိခဲ့ကြောင်း သိရသည်။ ဘူရီဗက်စနစ် ခရုစ်ဒုံးကျည်သည် အကန့်အသတ်မရှိ ပျံသန်းနိုင်စွမ်းရှိမှုနှင့် ခန့်မှန်းရခက်သည့် ပျံသန်းရာ လမ်းကြောင်းတို့ကြောင့် လက်ရှိလေကြောင်းရန် ကာကွယ်ရေးစနစ်များ ကာကွယ်နိုင်စွမ်းမရှိသည့် လက်နက် တစ်မျိုးဖြစ်ကြောင်း ရုရှားသမ္မတ ပူတင် က ပြောကြားထားသည်။ ဘူရီဗက်စနစ် ခရုစ်ဒုံးကျည်စမ်းသပ်မှုမှာ အောင်မြင်မှုရှိခဲ့သည်ဖြစ်ရာ စစ်ရေးအရ စတင်ဖြန့်ကြက် နိုင်ရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း ရုရှားစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျီရာဆီမော့ဗ် က ပြောကြား ထားသည်။ ဘူရီဗက်စနစ် ခရုစ်ဒုံးကျည်စမ်းသပ်မှု ပြုလုပ်ခဲ့သည့်အချိန်နှင့် မည်သည့်နေရာ၌ စမ်းသပ်ခဲ့သည်ကို မသိရသေးကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။