မလေးရှားနိုင်ငံ၌ကျင်းပသည့် အမေရိကန်နှင့် တရုတ်တို့ကြား ကုန်သွယ်ရေးဆွေးနွေးပွဲ အပြုသဘောဆောင်
26 Octအမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့က ကုန်သွယ်မှုဆက်ဆံရေး၌ တင်းမာမှုများ ဖြစ်ပေါ်နေစဉ် အောက်တိုဘာလ ၂၅ ရက်တွင် နှစ်နိုင်ငံတာဝန်ရှိသူများက မလေးရှားနိုင်ငံ၌ ကုန်သွယ်ရေးဆွေးနွေးပွဲကျင်းပရာ ထိုဆွေးနွေးပွဲသည် အလွန်အပြုသဘောဆောင်သည်ဟု အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူက ပြောသည်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်ဆန့် နှင့် တရုတ်ဒုတိယဝန်ကြီးချုပ် ဟီလိုင်ဖန်း တို့က ကမ္ဘာ့ ဒုတိယအမြင့်ဆုံး အဆောက်အအုံဖြစ်သည့် Merdeka 118 ၌ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊ ယနေ့အတွက် ဆွေးနွေးမှုသည် အဆုံးသတ်သွားပြီဖြစ်ကြောင်း၊ ထိုဆွေးနွေးပွဲက အလွန်အပြုသဘောဆောင်ကြောင်းနှင့် လာမည့်ရက်တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။ ကမ္ဘာ့စီးပွားရေးအင်အားကြီး နှစ်နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ အနေဖြင့် အပြန်အလှန် သွင်းကုန်အခွန် တိုးမြှင့်သတ်မှတ်မှုမှတစ်ဆင့် ဖြစ်ပေါ်လာမည့် တင်းမာမှုများကို ရှောင်လွှဲနိုင်စေရေး အတွက် ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးမှုများ ဆောင်ရွက်နေခြင်းဖြစ်သည်။ နှစ်နိုင်ငံခေါင်းဆောင်များဖြစ်သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ သည် အောက်တိုဘာလ ၃၀ ရက်တွင် တောင်ကိုရီးယားနိုင်ငံ၌ တွေ့ဆုံနိုင်ခြေရှိကြောင်းသိရသည်။