ရုရှားက ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုကို ပြင်းထန်ထိရောက်စွာတုံ့ပြန်မည်
25 Oct
ဥရောပသမဂ္ဂက ရုရှားနိုင်ငံကိုချမှတ်လိုက်သော အရေးယူပိတ်ဆို့မှုများကို ပြင်းပြင်းထန်ထန်နှင့် ထိရောက်မှုရှိစွာ လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ က အောက်တိုဘာလ ၂၄ ရက်တွင်ပြောသည်။ ရုရှားနိုင်ငံသည် တရားမဝင်ဖြစ်သော တစ်ဖက်သတ် နိုင်ထက်စီးနင်းပြုရာရောက်သည့် မည်သို့သောလုပ်ဆောင်မှုမျိုးကိုမဆို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကာ ထိုလုပ်ဆောင်မှုများကို ထိရောက်မှုရှိရှိ တုံ့ပြန်သွားမည်ဖြစ်ကြောင်း မာရီယာ ဇာခါရိုဗာ ကပြောထားသည်။ ထို့ပြင် ဥရောပသမဂ္ဂသည် အခြားသော တတိယနိုင်ငံများကို သွယ်ဝိုက်သောအားဖြင့် အရေးယူပိတ်ဆို့ မှုများ လုပ်သွားမည်ဟု အကျပ်ကိုင်ခြိမ်းခြောက်မှုလုပ်ဆောင်ကြောင်း၊ ယင်းသို့လုပ်ဆောင်ခြင်းသည် ဥရောပ သမဂ္ဂနှင့် အချုပ်အခြာအာဏာပိုင် အခြားနိုင်ငံများကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် ၎င်းတို့စိတ်ကြိုက် သတ်မှတ်ပြဋ္ဌာန်းထားသည့် စည်းကမ်းချက်များကိုသာ အခြားနိုင်ငံများက လိုက်နာရမည်ဟု ပြောဆိုနေခြင်းဖြစ်ကြောင်း၊ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများက အောင်မြင်မှုမရရှိဟူသော အတိတ်က သင်ခန်းစာများကို လေ့လာခြင်းမရှိဘဲ ဥရောပသမဂ္ဂအနေဖြင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံနေခြင်း ဖြစ်ကြောင်း ရုရှားတာဝန်ရှိသူက ပြောထားသည်။