“ရုရှားရေနံကုမ္ပဏီများအပေါ် အမေရိကန်က တစ်ဖက်သတ်ပိတ်ဆို့မှုများ ချမှတ်ရန်ဆုံးဖြတ်ခဲ့ခြင်းသည် တန်ပြန်မှုကို ဖြစ်ပေါ်စေနိုင်ဟု ရုရှားပြော”

24 Oct

ရုရှားရေနံကုမ္ပဏီများအပေါ်အမေရိကန် ပြည်ထောင်စုက တစ်ဖက်သတ်ပိတ်ဆို့မှုများချမှတ်ရန် ဆုံးဖြတ် ခဲ့ခြင်းသည် ယူကရိန်းပဋိပက္ခကိုအဆုံးသတ်နိုင်ရေးကြိုးပမ်းမှုအား လျော့ပါးစေပြီး တန်ပြန်မှုကိုဖြစ်ပေါ်စေနိုင် ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက အောက်တိုဘာလ ၂၃ ရက်တွင် ပြောကြားသည်။ ထို့ပြင် ရုရှားနိုင်ငံအပေါ်ပိတ်ဆို့မှုအသစ်များထပ်မံချမှတ်လိုက်ခြင်းသည် အမေရိကန်ပြည်ထောင်စု အပေါ် အပြုသဘောမဆောင်သည့် သက်ရောက်မှုများကိုဖြစ်ပေါ်စေပြီး ကမ္ဘာ့စီးပွားရေးတည်ငြိမ်မှုကိုလည်း ထိခိုက်စေနိုင်ကြောင်း မာရီယာဇာခါရိုဗာက သတိပေးပြောကြားထားသည်။ ရုရှားနိုင်ငံအပေါ် ထပ်မံချမှတ်လိုက်သည့် ပိတ်ဆို့မှုအသစ်များသည် နိုင်ငံအတွက် ခက်ခဲမှုများကို ဖြစ်ပေါ် စေမည်မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရုရှားနိုင်ငံသည် အနောက်နိုင်ငံများ၏ပိတ်ဆို့မှုများကို ခံနိုင်ရည် ရှိနေပြီဖြစ်သောကြောင့် ရုရှားအနေဖြင့် နိုင်ငံ့စီးပွားရေးနှင့် စွမ်းအင်ကဏ္ဍတိုးတက်စေရန် ဆက်လက် လုပ်ဆောင် မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။ အမေရိကန်အစိုးရသည် ယူကရိန်း လက်နက်ကိုင်ပဋိပက္ခနှင့်စပ်လျဉ်း၍ အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းချမှတ် နိုင်စေရန်အတွက် ဖိအားပေးသည့် အနေဖြင့် ရုရှားနိုင်ငံ၏ အကြီးဆုံးရေနံကုမ္ပဏီကြီး နှစ်ခုဖြစ်သည့် Rosneft နှင့် Lukoil တို့အပေါ် ပိတ်ဆို့မှုအသစ် များကို အောက်တိုဘာလ ၂၂ ရက်တွင် ချမှတ်ခဲ့ပြီးနောက် ရုရှားနိုင်ငံ၏တုံ့ပြန်မှုထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန်နှင့်အနောက်နိုင်ငံများသည် ယူကရိန်းပဋိပက္ခစတင်သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ရုရှားနိုင်ငံ အပေါ် ဘဏ္ဍာရေးနှင့်ကုန်သွယ်ရေးပိတ်ဆို့မှုအများအပြားကို ချမှတ်ထားခဲ့ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြ ချက်အရ သိရသည်။

24 Oct

ADVERTISE HERE .