ပူတင် နှင့်တွေ့ဆုံပွဲကို ပယ်ဖျက်လိုက်ကြောင်း ထရမ့် အတည်ပြု၊ Tomahawk ဒုံးကျည် အသုံးပြုနည်းအား အခြားနိုင်ငံကို သင်ကြားပေးမည်မဟုတ်ဟု ဆို
23 Oct
အမေရိကန်သမ္မတ ထရမ့် က ၎င်းအနေဖြင့် အမေရိကန်-ရုရှားအကြီးအကဲများ လတ်တလောကာလ တွေ့ဆုံမှုအစီအစဉ်ကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း၊ အကြောင်းရင်းမှာ လက်ရှိတွေ့ဆုံဆွေးနွေးမှုသည် ရလဒ်များ ရရှိမည် မဟုတ်သောကြောင့်ဖြစ်သည်ဟု အောက်တိုဘာလ ၂၂ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ ၎င်းအနေဖြင့် Tomahawk ဒုံးကျည် အသုံးပြုနည်းအား အခြားနိုင်ငံကို သင်ကြားပေးမည်မဟုတ်ကြောင်းလည်း တစ်ချိန်တည်းတွင် ပြောကြားခဲ့သည်။ ထရမ့် က ၎င်းအနေဖြင့် လတ်တလောကာလအတွင်း ယူကရိန်းအရေးကိစ္စနှင့်စပ်လျဉ်း၍ ရုရှားသမ္မတ ပူတင်နှင့် ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့၌ တွေ့ဆုံမည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း၊ အကြောင်းရင်းမှာ အချိန် မကျသေးသဖြင့် လက်ရှိတွေ့ဆုံဆွေးနွေးမှုသည် ရည်မှန်းချက်ကို ဖော်ဆောင်နိုင်မည်မဟုတ် သောကြောင့် ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ပူတင် နှင့် အနာဂတ်အချိန်တစ်ခုတွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ထိုနေ့ ညနေတွင် အိမ်ဖြူတော်၌ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(NATO) အထွေထွေအတွင်းရေးမှူးချုပ် Mark Rutte နှင့် တွေ့ဆုံပြီးနောက် မီဒီယာများကို ပြောကြားခဲ့သည်။ တိကျမှုမြင့်မားသော Tomahawk တာဝေးပစ် ခရုဇ်ဒုံးကျည် အသုံးပြုနည်းတတ်မြောက်ရန် အနည်းဆုံး ၆ လ ကနေ ပုံမှန်တစ်နှစ်ကြာ ပြင်းပြင်းထန်ထန် လေ့ကျင့်မှုလိုအပ်ကြောင်း၊ အမေရိကန်စစ်တပ်အနေဖြင့် အဆိုပါဒုံးကျည် အသုံးပြုနည်းအား အခြားနိုင်ငံကို သင်ကြားပေးမည်မဟုတ်ကြောင်းလည်း ထရမ့် က ပြောကြားခဲ့သည်။ Mark Rutte က ၎င်းအိမ်ဖြူတော်သို့ ခရီးစဉ်လာရောက်ခြင်းသည် ရုရှား-ယူကရိန်း ပဋိပက္ခအား မည်ကဲ့သို့ အဆုံးသတ်မည်နည်းနှင့် စပ်လျဉ်း၍ ထရမ့်နှင့် ဆွေးနွေးရန်ဖြစ်ကြောင်း၊ သို့သော်လက်ရှိတွင် ဆွေးနွေးမှုစားပွဲဝိုင်း၌ ဆွေးနွေးနိုင်မည့် ငြိမ်းချမ်းရေးအစီအစဉ် မရှိသေးကြောင်း ပြောကြားခဲ့သည်။ ၎င်းနှင့် ထရမ့် တို့က ရုရှားစီးပွားရေးအပေါ် ဆက်တိုက်ဖိအားပေးမှုများလုပ်ဆောင်ရန် လိုအပ်သည်ဟု တစ်ပြေးညီယူဆကြောင်း၊ ထရမ့် က ယူကရိန်းထံသို့ Tomahawk ဒုံးကျည် ပံ့ပိုးမှုပေးခြင်းမရှိသည့် သက်ဆိုင်ရာ အကြောင်းပြချက်သည် လုံးဝမှန်ကန်ကြောင်း ၎င်းက ထိုနေ့ညပိုင်း အမေရိကန် CNN သတင်းဌာန၏ အင်တာဗျူး အတွင်း ပြောကြားခဲ့သည်။ ထရမ့် နှင့် Mark Rutte တွေ့ဆုံဆွေးနွေးမှု မပြုလုပ်မီ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ရုရှား၏ အကြီးဆုံး ရေနံကုမ္ပဏီနှစ်ခုနှင့် ၎င်း၏ကုမ္ပဏီခွဲများအား ပိတ်ဆို့အရေးယူမှု လုပ်ဆောင်ကြောင်း ကြေညာခဲ့သည်။ ယင်းနှင့်စပ်လျဉ်း၍ ထရမ့် က “ပိတ်ဆို့အရေးယူဖို့ အချိန်ကျပါပြီ။ ကျွန်တော်တို့ စောင့်လာတာ အတော်ကြာပါပြီ၊ ပိတ်ဆို့အရေးယူမှု အစီအမံသည် သိပ်မကြာရှည်ဘဲ ရုရှား-ယူကရိန်းပဋိပက္ခ ပြေငြိမ်းသွားရန် မျှော်လင့်ကြောင်း” ပြောကြားခဲ့သည်။ ထရမ့် အနေဖြင့် ဩဂုတ်လအတွင်း အမေရိကန်-ရုရှားအကြီးအကဲများ အလက်စကာပြည်နယ် တွေ့ဆုံ ဆွေးနွေးမှုပြီးနောက် ရုရှား-ယူကရိန်းဆွေးနွေးညှိနှိုင်းမှုတွင် လုံးဝတိုးတက်မှုမရှိသည်ကို စိတ်ပျက်နေကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းတွင် Fox Business ရုပ်သံလွှင့်ဌာန၏ အင်တာဗျူးကို လက်ခံဖြေကြားရာ၌ ပြောကြားခဲ့သည်။ ယူကရိန်းအနေဖြင့် အမေရိကန်ထံမှ Tomahawk ဒုံးကျည်ရရှိရန် အစဉ်အမြဲမျှော်လင့်လျက်ရှိသည်။ အမေရိကန်ဘက်က ယူကရိန်းထံသို့ Tomahawk ဒုံးကျည် ပံ့ပိုးပေးမည်ဆိုပါက ဆက်ဆံရေးအခြေအနေ အဆင့်မြင့် တက်လာမှုကို ဆိုးရွားလာစေမည်ဟု ရုရှားက ကြိမ်ဖန်များစွာ သတိပေးခဲ့သည်။ ထရမ့် ကလည်း ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက်တစ်ခု ချပြီးပြီဟု ပြောကြားခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ယူကရိန်းအား Tomahawk ဒုံးကျည်ပံ့ပိုးပေးရန် ငြင်းပယ်ခဲ့သည်။