“အလဲထိုးနဲ့သာ အနိုင်ရယူမယ်လို့ ဆိုတဲ့ ဆလိုင်းထန်ခီးရှိန်”
23 Oct
ချင်းတိုင်းရင်းသား မြန်မာ့ရိုးရာလက်ဝှေ့သမား ဆလိုင်းထန်ခီးရှိန် က လာမယ့်သောကြာနေ့ပွဲမှာ ထိုင်းဖိုက်တာ ဆောင်ချိုင်နွိုင်ကို အလဲထိုးအနိုင်ယူသွားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ONE Friday Fights ပြိုင်ပွဲကို လာမယ့်အောက်တိုဘာ ၂၄ ရက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး အဆိုပါပြိုင်ပွဲမှာ မြန်မာဖိုက်တာ နှစ်ဦးဖြစ်တဲ့ ဆွန်ရက်နဲ့ ဆလိုင်းထန်ခီးရှိန်တို့ရဲ့ တွဲဆိုင်းတွေပါဝင်နေပါတယ်။ ဆွန်ရက် က ထိုင်းဖိုက်တာ ရာမင်နဲ့ မွေထိုင်း ၁၃၇ ပေါင်တန်းမှာ ပွဲစဥ် (၆)၊ ဆလိုင်းထန်ခီးရှိန်က ထိုင်းဖိုက်တာ ဆောင်ချိုင်နွိုင်နဲ့ မွေထိုင်း အက်တမ်ဝိတ်တန်း ၁၁၅ ပေါင် မှာ ဒုခေါင်တွဲဆိုင်းအဖြစ် ယှဥ်ပြိုင်ထိုးသတ်ကြမှာဖြစ်ပါတယ်။ မြန်မာဖိုက်တာနှစ်ဦးထဲမှာ ဆွန်ရက်က ONE Friday Fights မှာ ထိုးနေကျဖိုက်တာတစ်ဦးဖြစ်ပြီး အသက် ၂၀ သာရှိသေးတဲ့ လူငယ်ဖိုက်တာ ဆလိုင်းထန်ခီးရှိန် ကတော့ ပထမဆုံးအနေနဲ့ ထိုးသတ်ရမှာဖြစ်ပါတယ်။ ဆလိုင်းထန်ခီးရှိန် နဲ့ ထိုးသတ်မယ့် ထိုင်းဖိုက်တာ ဆောင်ချိုင်နွိုင်က ONE Friday Fights မှာ ၉ ပွဲဆက် အနိုင်ရခဲ့သူဖြစ်ပြီး နောက်ဆုံးထိုးသတ်ထားတဲ့ပွဲမှာတော့ ရှုံးပွဲကြုံတွေ့ထားပါတယ်။ (NVS 008)