“အစ္စရေးနှင့်ဟားမတ်စ်တို့ကြား ငြိမ်းချမ်းရေးသဘောတူညီချက် အောင်မြင်စွာဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်း အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်ပြောကြား”
23 Oct
အစ္စရေးနှင့်ဟားမတ်စ်တို့ကြား ငြိမ်းချမ်းရေးသဘောတူညီချက်သည် အောင်မြင်စွာ ဆက်လက် တည်ရှိ နေမည်ဖြစ်ကြောင်း အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်က အစ္စရေးနိုင်ငံသို့ ရောက်ရှိစဉ် ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်သည့် အလားအလာများစွာ တွေ့မြင်ရ ကြောင်း ၎င်းက ပြောကြားသည်။ ဓားစာခံအချို့၏ရုပ်အလောင်းများကို ဟားမတ်စ်အဖွဲ့က ပြန်လည်ပေးအပ်ရန် နှောင့်နှေးမှုနှင့်ပတ်သက်၍ နားလည်ပေးနိုင်ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားသည်။ အချို့မှာ အပျက်အစီးများ အောက်တွင် ရှိနေကြပြီး အခြားရုပ်အလောင်းများ၏နေရာကို မသိရသေးကြောင်း ၎င်းက ပြောသည်။ အကယ်၍ ဟားမတ်စ်က ငြိမ်းချမ်းရေးသဘောတူညီချက်တွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုပါက ၎င်းတို့ အား ချေမှုန်းပစ်မည်ဟု ထရမ့်၏ပြောကြားချက်ကို အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ထပ်မံသတိပေး ပြောကြားခဲ့သည်။ ဟားမတ်စ်က သဘောတူညီချက်အပေါ်၎င်း၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့သည်။ ဓားစာခံနှစ်ဦး၏ ရုပ်အလောင်းများအား အပျက်အစီးများကြားမှ ထုတ်ယူပြီးလွှဲပြောင်းလက်ခံရရှိခဲ့ကြောင်း အစ္စရေး ဝန်ကြီးချုပ်ရုံးက ပြောကြားခဲ့သည်။ ၎င်းတို့အား ကျန်းမာရေးဝန်ကြီးဌာနသို့ ပေးအပ်သွားမည်ဖြစ်ကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။