တရုတ်နိုင်ငံ၏ AI နည်းပညာကဏ္ဍက ဒစ်ဂျစ်တယ်စီးပွားရေးကို အရှိန်အဟုန်ဖြည့်တင်းပေး
22 Oct
တရုတ်နိုင်ငံတွင် ဉာဏ်ရည်တုနည်းပညာ (AI) တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာမှုက နိုင်ငံ၏ ဒစ်ဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပေးလျက်ရှိကာ အဓိကနည်းပညာများတွင် ထိုးဖောက်အောင်မြင်မှုများနှင့် ခိုင်မာသောမူဝါဒပိုင်း ပံ့ပိုးမှုတို့က စက်မှုလုပ်ငန်းများနှင့် နေ့စဉ်ဘဝတွင် AI ကဏ္ဍ၏ လျင်လျင်မြန်မြန် ပေါင်းစည်းမှုကို အားဖြည့်ထောက်ကူပေးလျက်ရှိသည်။ ကမ္ဘာလုံးဆိုင်ရာ AI မူပိုင်ခွင့် မှတ်ပုံတင်မှုများ၏ ၆၀ ရာခိုင်နှုန်း ရှိလာတဲ့ တရုတ်နိုင်ငံ၏ AI ကဏ္ဍ လျင်လျင်မြန်မြန် ကျယ်ပြန့်လာခြင်းမှာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ တစ်ဟုန်ထိုး တိုးပွားလာခြင်း၊ နည်းပညာဖြင့် ကုန်ထုတ်လုပ်မှု တိုးမြှင့်ခြင်း၊ DeepSeek ကဲ့သို့ ဘာသာစကား နားလည်နိုင်စွမ်း မြင့်မားသော ပြည်တွင်းထုတ် AI များ တီထွင်ဆန်းသစ်ခြင်းတို့၏ အမှတ်သင်္ကေတပင်ဖြစ်သည်။ အချက်အလက်အရင်းအမြစ် ပေါကြွယ်ဝမှုနှင့် ပြီးပြည့်စုံသော စက်မှုလုပ်ငန်းစနစ်တို့ ကျောထောက်နောက်ခံ ပြုထားသည့် တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးမှာ အားကောင်းသောအရှိန်အဟုန်ကို လက်တွေ့ပြသခဲ့ပြီး ဖြစ်သည်။ အချက်အလက် စီမံခန့်ခွဲရေးလုပ်ငန်း အရေအတွက်မှာ ၂၀၂၄ ခုနှစ်တွင် ၄၀၀,၀၀၀ ကျော်ရှိလာခဲ့ပြီး ယင်းလုပ်ငန်းနယ်ပယ်၏ ပမာဏမှာ ယွမ် ၅ ဒသမ ၈၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၈၂၆ ဘီလီယံခန့်) ရှိလာခဲ့ရာ ၂၀၂၀ ပြည့်နှစ်ကထက် ၁၁၇ ရာခိုင်နှုန်းအထိ တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။ ထို့အတူ လယ်ယာစိုက်ပျိုးရေးမှသည် ကုန်ထုတ်လုပ်ငန်းနှင့် အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများအထိ AI အက်ပလီကေးရှင်းများက ကုန်ထုတ်လုပ်မှု မြှင့်တင်ခြင်းနှင့် သမားရိုးကျလုပ်ငန်းများကို အသွင်ပြောင်းလဲခြင်းတို့တွင် လက်ဆုပ်လက်ကိုင်ပြနိုင်သော ရလဒ်များကို ထင်ထင်ရှားရှား ပြသလျက်ရှိသည်။ တရုတ်နိုင်ငံအနေဖြင့် ဒစ်ဂျစ်တယ်စီးပွားရေးကို စမတ်စီးပွားရေးနှင့် ဉာဏ်ရည်တုနည်းပညာဖြင့် ချိတ်ဆက် ပေးထားသော လူမှုအဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းမှုအား မြှင့်တင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ခဲ့သည်။ ယခုနှစ်အစောပိုင်းတွင် တရုတ်နိုင်ငံက နိုင်ငံတစ်ဝန်း "AI Plus" အစီအမံတစ်ရပ်အား ထုတ်ပြန် ကြေညာခဲ့ကာ AI အထောက်အကူပြု အခြေခံအဆောက်အအုံကဏ္ဍ ခိုင်မာအားကောင်းစေရေး၊ စီးပွားရေးနှင့် လူမှုရေးနယ်ပယ်တို့တွင် AI နည်းပညာပေါင်းစပ်မှုကို အရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်ကြောင်း သိရသည်။ (Repost from Xinhua Myanmar)