၂၀၂၆ ခုနှစ် အစ္စရေးရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်နေရာအတွက် ထပ်မံယှဉ်ပြိုင်သွားမည်ဟု နေတန်ယာဟု ပြောကြား

22 Oct

၂၀၂၆ ခုနှစ် အစ္စရေးပါလီမန်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်နေရာအတွက် ထပ်မံယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က အောက်တိုဘာလ ၁၈ ရက်က ထုတ်ပြန်ကြေညာလိုက်သည်။ အစ္စရေးနိုင်ငံ၏ Channel 14 ရုပ်သံနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် နေတန်ယာဟု က အဆိုပါ ထုတ်ပြန်ချက်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နောက်တစ်ကြိမ်သက်တမ်းအတွက် ကြိုးစားဖို့ရည်ရွယ်ထားပါသလားဟု မေးမြန်းခဲ့ခြင်းကို နေတန်ယာဟု က မှန်ကန်ကြောင်း တုံ့ပြန်ဖြေဆိုခဲ့ခြင်းဖြစ်သည်။ ၂၀၂၆ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရန်မျှော်လင့်ထားပါသလားဟု မေးမြန်းခဲ့ခြင်းကိုလည်း နေတန်ယာဟု က မျှော်လင့်ထားပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ၂၀၂၂ ခုနှစ်က နောက်ဆုံးကျင်းပခဲ့သော အစ္စရေးရွေးကောက်ပွဲတွင် နေတန်ယာဟု ၏ လက်ယာယိမ်း လီကွတ်ပါတီက အမတ်နေရာ ၃၂ နေရာအနိုင်ရရှိခဲ့ပြီး စုစုပေါင်း အမတ်ဦးရေ ၁၂၀ ရှိသော အစ္စရေး ပါလီမန်တွင် ၆၄ ဦး၏ ထောက်ခံမှုရရှိခဲ့ကာ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းခွင့်ရရှိခဲ့သည်။ နေတန်ယာဟု က ယင်းနှစ် ဒီဇင်ဘာလအတွင်း အစ္စရေးနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ထိုအချိန်ကတည်းက လက်ယာစွန်း ညွန့်ပေါင်းအစိုးရ အဖွဲ့ကို ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ နေတန်ယာဟု က လာမည့်သီတင်းပတ်တွင် အသက် ၇၆ နှစ်ပြည့်တော့မည်ဖြစ်သည်။ နေတန်ယာဟု အနေနဲ့ ၂၀၂၁ ခုနှစ် ဇွန်လတွင် ယဲလ်လာပစ်နှင့် နာ့ဖ်တာလီဘန်းနက်တို့ ဖွဲ့စည်းထူထောင်ခဲ့သော ဗဟိုဝါဒီ ညွန့်ပေါင်းအဖွဲ့၏ ဖြုတ်ချခြင်းမခံရမီ ၁၉၉၆ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိနှင့် ထိုမှတဖန် ၂၀၀၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အစ္စရေးဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ (Repost from Xinhua Myanmar)

22 Oct

ADVERTISE HERE .