ရုရှားဓာတ်ငွေ့တင်သွင်းမှုများကို ၂၀၂၈ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးထား၍ အဆင့်ဆင့်ရပ်ဆိုင်းရန် အီးယူ သဘောတူ
22 Oct
ဥရောပသမဂ္ဂ(အီးယူ)နိုင်ငံများက ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့တင်သွင်းမှုများအား တဖြည်းဖြည်းချင်း အဆင့်ဆင့်ရပ်ဆိုင်းရန် စည်းမျဉ်းများနှင့်ပတ်သက်၍ ၎င်းတို့၏ရပ်တည်ချက်ကို အောက်တိုဘာလ ၂၀ ရက်၌ သဘောတူခဲ့ကြပြီး ၎င်းသဘောတူညီချက်မှာ ယင်းအဖွဲ့၏ REPowerEU မဟာဗျူဟာအရ ရုရှားရုပ်ကြွင်း လောင်စာများအပေါ် မှီခိုမှုအဆုံးသတ်ရေးအတွက် ယင်းအဖွဲ့၏ကြိုးပမ်းမှုတွင် အဓိကခြေလှမ်းတစ်ရပ် ဖြစ်စေ ခဲ့သည်။ အီးယူကောင်စီ၏အဆိုအရ ယခုသဘောတူညီခဲ့သည့် အဆိုပြုချက်သည် ရုရှားဓာတ်ငွေ့တင်သွင်းမှုများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စတင်တားမြစ်မည်ဖြစ်ပြီး လက်ရှိစာချုပ်များအတွက် အကန့်အသတ်ရှိသည့် အကူး အပြောင်းကာလကို ခွင့်ပြုပေးမည်ဖြစ်သည်။ ကာလတိုစာချုပ်များအား ၂၀၂၆ ခုနှစ် ဇွန်လ ၁၇ ရက်အထိ ဆက်လက် လုပ်ကိုင်ခွင့်ပေးထားပြီး နှစ်ရှည်စာချုပ်များကိုမူ ၂၀၂၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်အထိ ခွင့်ပြုပေးမည်ဖြစ်သည်။ သဘောတူညီခဲ့ကြသည့် ထိုအဆိုပြုချက်က စွမ်းအင်ကုမ္ပဏီများအား ပွင့်လင်းမြင်သာမှုနှင့် စောင့်ကြည့်မှုကို မြှင့်တင်ရန် သဘာဝဓာတ်ငွေ့တင်သွင်းမှု စာချုပ်အားလုံး၏ မူလဇာစ်မြစ်နှင့် ကြာချိန်တို့ကို ဖွင့်ချရန်လည်း လိုအပ်ကြောင်း သိရသည်။ သို့သော်လည်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က “RePowerEU ကြောင့် ကျွန်တော်တို့ရဲ့ ဘေးကင်းတဲ့ စွမ်းအင်ထောက်ပံ့မှု ဖြတ်တောက်ခံနေရပါပြီ” ဟု ဆိုရှယ်မီဒီယာပလက်ဖောင်း X တွင် ပြောကြားလျက် အဆိုပါအစီအစဉ်ကို ဝေဖန်ခဲ့သည်။ အဆိုပါမူဝါဒသည် အီးယူအဖွဲ့ဝင်နိုင်ငံများ၏ စွမ်းအင်လုံခြုံရေးကို ပျက်ပြားစေပြီး စွမ်းအင်မှာ နိုင်ငံရေးနှင့် မပတ်သက်သင့်ကြောင်း ၎င်းက ငြင်းခုံခဲ့သည်။ အဆိုပါအစီအစဥ် ဥပဒေမဖြစ်လာခင် ဥရောပပါလီမန်နှင့် ညှိနှိုင်းရန် လိုအပ်သေးသည်။ ယင်းအစီအစဉ်အား အတည်ပြုပြီးသည်နှင့် တစ်ပြိုင်နက် ၎င်းစည်းမျဉ်းမှာ ရုရှားရုပ်ကြွင်းလောင်စာများနှင့် ဝေးကွာသော အသွင် ကူးပြောင်းမှုကို အရှိန်မြှင့်ရန်အတွက် ၂၀၂၂ ခုနှစ်တွင်စတင်ခဲ့သည့် ကျယ်ပြန့်သော REPowerEU အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာမည်ဖြစ်သည်။ အီးယူ၏ ခန့်မှန်းချက်အရ ရုရှားဓာတ်ငွေ့သည် ၂၀၂၅ ခုနှစ်တွင် အီးယူတင်သွင်းမှုများ၏ ၁၃ ရာခိုင်နှုန်းခန့် ရှိဆဲဖြစ်ပြီး တန်ဖိုးအားဖြင့် နှစ်စဉ် ယူရို ၁၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၇.၄၉ ဘီလီယံ) ကျော်ရှိကြောင်း သိရသည်။ (Repost from Xinhua Myanmar)