ထရမ့်နှင့် ပူတင်တို့ လတ်တလောကာလအတွင်း တွေ့ဆုံမည်မဟုတ်ဟု အမေရိကန်မီဒီယာများ ဆို

22 Oct

အမေရိကန်သမ္မတ ထရမ့် နှင့် ရုရှားသမ္မတ ပူတင် တို့ ဟန်ဂေရီနိုင်ငံမြို့တော် ဘူဒါပတ်စ်၌ တွေ့ဆုံ ဆွေးနွေးမည့် အစီအစဉ်အား ရပ်ဆိုင်းထားပြီးဖြစ်သည်ဟု အမေရိကန်အိမ်ဖြူတော် အဆင့်မြင့်အရာရှိ၏ ပြောကြား ချက်ကို ကိုးကား၍ အမေရိကန်မီဒီယာများစွာက အောက်တိုဘာလ ၂၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။ ထရမ့် က ရုရှား-ယူကရိန်းနှစ်ဖက်သည် သေချာဆွေးနွေးညှိနှိုင်းရန် အဆင်သင့်မဖြစ်သေးသောကြောင့် ယခုတွေ့ဆုံဆွေးနွေးမှုသည် အချိန်ဖြုန်းခြင်းသာဖြစ်သည်ဟု ယူဆကြောင်း၊ အဆိုပါဆုံးဖြတ်ချက်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့က အောက်တိုဘာ ၂၀ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်ပြီးနောက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။ ထရမ့် က ပူတင် နှင့် အောက်တိုဘာလ ၁၆ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ပြောကြားပြီးနောက် ဘူဒါပတ်စ် မြို့တွင် ပူတင် နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု လူမှုမီဒီယာ၌ ပို့စ်တင်ပြောကြားခဲ့သည်။ ထရမ့် က အောက်တိုဘာလ ၁၇ ရက်တွင် အိမ်ဖြူတော်၌ ယူကရိန်းသမ္မတ ဇယ်လန်းစကီး နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရုရှား-ယူကရိန်း နှစ်ဖက်အား လက်ရှိနေရာတွင်ပင် အပစ်အခတ်ရပ်စဲပြီး အနိုင်ရရှိကြောင်း ကိုယ်စီကြေညာရန် တိုက်တွန်းခဲ့သည်။ ထရမ့် က အောက်တိုဘာလ ၁၇ ရက်တွင် ဇယ်လန်းစကီး နှင့် တွေ့ဆုံဆွေးနွေးရာ၌ အမြန်ဆုံး အပစ်အခတ် ရပ်စဲမှုဖော်ဆောင်ရန် ယူကရိန်းအနေဖြင့် နယ်မြေပိုင်နက်အရေးကိစ္စနှင့် စပ်လျဉ်း၍ လက်သင့်ခံရေးကို တောင်းဆို ဖိအားပေးခဲ့ရာ နှစ်ဖက်အငြင်းပွားမှုများ ဖြစ်ခဲ့သည်။ ဇယ်လန်းစကီး က အိမ်ဖြူတော်မှ ထွက်ခွာစဉ်တွင် နယ်မြေ ပိုင်နက်အရေးကိစ္စအကြောင်း ဆွေးနွေးမှုသည် ခက်ခဲ၍ အကဲဆတ်သည့် အကြောင်းအရာတစ်ခုဖြစ်ကြောင်း၊ ယူကရိန်းအနေဖြင့် အင်အားကောင်းတဲ့ လုံခြုံရေးဆိုင်ရာအာမခံချက် လိုအပ်သည်ကို ထပ်မံအလေးထား ပြောကြား ခဲ့ကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။ ယခုနှစ် ဩဂုတ်လတွင် ထရမ့် နှင့် ပူတင် တို့သည် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၌ တွေ့ဆုံ ဆွေးနွေးခဲ့ရာ မည်သည့်သဘောတူညီချက်မျှ မရရှိခဲ့ပေ။ ရုရှား-ယူကရိန်း အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှု မှာလည်း ယနေ့တိုင် ခက်ခဲနေဆဲဖြစ်သည်။ (Repost from Xinhua Myanmar)

22 Oct

ADVERTISE HERE .