“ ဘရန့်ဝိတ် ရဲ့ တံကောက်ကြော ဒဏ်ရာကို ခွဲစိတ်ကုသရမည်”
22 Oct
အဲဗာတန်အသင်းနောက်ခံလူ ဘရန့်ဝိတ်ဟာ တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရမှာ ဖြစ်တာကြောင့် ကာလအတန်ကြာ အနားယူရမှာဖြစ်တယ်လို့ သိရပါတယ်။ ရာသီကြိုကာလမှာ အသက် ၂၃ နှစ်အရွယ် ဘရန့်ဝိတ် ဟာ ဒဏ်ရာရခဲ့တာကြောင့် အခုရာသီအဲဗာတန်အသင်း အတွက် မကစားပေးနိုင်သေးတာဖြစ်ပါတယ်။ ဘရန့်ဝိတ်ရဲ့ ဒဏ်ရာကို ဇူလိုင်လ စစ်ဆေးမှုတွေအရ အသေးစား ဒဏ်ရာလို့သာ သတ်မှတ်ခဲ့ပေမယ့် အခုချိန်မှာတော့ ဒဏ်ရာအခြေအနေက ပိုဆိုးလာတာကြောင့် ခွဲစိတ်မှုခံယူ ရဖို့အထိ လိုအပ်လာခဲ့ပါတယ်။ အထူးကုနဲ့ တိုင်ပင်ပြီးနောက်မှာ ဘရန့်ဝိတ်ရဲ့ ဒဏ်ရာကို ခွဲစိတ်ကုသမှုပြုလုပ်ဖို့ အတွက် ဆုံးဖြတ်ခဲ့ပြီး ခွဲစိတ်မှုအပြီးမှာ အသင်းဆေးအဖွဲ့ရဲ့ အနီးကပ်စောင့်ကြည့်မှုနဲ့ ပြန်လည်သက်သာလာရေး အစီအစဉ်တွေ စတင်လုပ်ဆောင်မှာ ဖြစ်တယ်လို့ အဲဗာတန်အသင်း ကြေညာချက်မှာ ရေးထားပါတယ်။ လူငယ်နောက်ခံလူ ဘရန့်ဝိတ် ကို ချဲလ်ဆီး၊ မန်ယူနဲ့ စပါအသင်းတွေ စိတ်ဝင်စားလာခဲ့ကြလို့ အဲဗာတန် အသင်းဟာ အခုနွေမှာ ၅ နှစ်စာချုပ်သစ်ကို ချုပ်ဆိုထားခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာခွဲစိတ်မှုကြောင့် ဘရန့်ဝိတ် ကာလရှည်အနားယူရဖွယ်ရှိနေတာကြောင့် အဲဗာတန်အသင်းဟာ လာမယ့်ဇန်နဝါရီဈေးကွက်မှာ နောက်ခံလူသစ် ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ (NVS 008)