“အပစ်အခတ်ရပ်စဲရေး ရရှိခဲ့ပြီးနောက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဝင်ရောက်မှု နည်းပါးဟု ဟားမတ်စ်ပြောကြား”
22 Oct
အစ္စရေးနှင့်ဟားမတ်စ်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိချိန်ဖြစ်သည့် အောက်တိုဘာ လ ၁၀ ရက်မှစတင်၍ လက်ရှိအချိန်အထိ ဂါဇာဒေသသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပါဝင်သည့် ထရပ်ကား ၉၈၀ သာ ဝင်ရောက်ခဲ့ကြောင်း ဟားမတ်စ်မီဒီယာရုံးက အောက်တိုဘာလ ၂၁ ရက်တွင် ပြောကြားသည်။ လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိမှု နည်းပါးကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ဆေးရုံများတွင် အသုံးပြုမည့်လောင်စာဆီနှင့် ချက်ပြုတ်ရေးလုပ်ငန်းသုံးဓာတ်ငွေ့ပါဝင်သည့် ထရပ်ကားများသည် ဒေသအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ဒေသခံများ၏အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက် နေကြောင်း တာဝန်ရှိသူများက ပြောသည်။ ဂါဇာဒေသတွင် လက်ရှိအချိန်၌ အငတ်ဘေးဆိုက်နေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေးပစ္စည်းများမှာလည်း လုယက်ခံနေရသဖြင့် ဒေသခံများ အခက်တွေ့နေကြောင်း သိရသည်။ လက်ရှိအချိန် တွင် ဆေးဝါးနှင့် အစားအသောက်များပါဝင်သည့် ထရပ်ကားများ နေ့စဉ်ဝင်ရောက်မှုရှိသော်လည်း ဒေသခံများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိကြောင်းနှင့် ၎င်းအခြေအနေကို လွန်မြောက်ရန်အတွက် ဒေသန္တရတာဝန်ရှိသူများနှင့် နိုင်ငံတကာတာဝန်ရှိသူများကြား ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဟားမတ်စ် အဖွဲ့က ပြောကြားသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။