“ဂျပန်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် တာကာချီဆာနေးကို ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် အဖြစ်ရွေးချယ်ခံရ”
22 Oct
ဂျပန်အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် တာကာချီဆာနေးသည် အောက်တိုဘာလ ၂၁ ရက်တွင် ကျင်းပသည့် ရွေးကောက်ပွဲတွင် လွှတ်တော်နှစ်ရပ်လုံး၌ မဲအနိုင်ရရှိခဲ့ပြီးနောက် ဂျပန်နိုင်ငံ၏ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာခဲ့ကြောင်း သိရသည်။ မဟာမိတ်ပါတီဖြစ်သည့် ဂျပန်တီထွင်ဆန်းသစ်မှုပါတီ၏ ကျောထောက်နောက်ခံဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကာ ညွန့်ပေါင်းအစိုးရကို မကြာမီဖွဲ့စည်းမည် ဖြစ်သည်။ အစိုးရ အဖွဲ့အတွင်း ၎င်း၏ပြိုင်ဘက်များအား ဝန်ကြီးများအဖြစ်ခန့်အပ်မည်ဟု သိရသည်။ ဝန်ကြီးချုပ် တာကာချီဆာနေး က ဂျပန်နိုင်ငံ၏စီးပွားရေးခိုင်မာစေရေးနှင့် မျိုးဆက်သစ်များအတွက် တာဝန်ယူနိုင်မည့် နိုင်ငံအဖြစ် ပြောင်းလဲရေး အတွက် အစပြုမည့်နေ့တစ်နေ့ဖြစ်ကာ ယင်းလုပ်ငန်းများအောင်မြင်စေရေးအတွက် ကြိုးစားဆောင်ရွက်သွားမည် ဟု ပြောကြားသည်။ ဂျပန်တီထွင်ဆန်းသစ်မှု ပါတီအနေဖြင့်လည်း နိုင်ငံဖွံ့ဖြိုးရေးအတွက် ပြုပြင်ပြောင်းလဲမှုများတွင် ပါဝင် ဆောင်ရွက်မည်ဖြစ်ကြောင်း မဟာမိတ်ပါတီဖြစ်သည့် ဂျပန်တီထွင်ဆန်းသစ်မှုပါတီခေါင်းဆောင် ယိုရှီမူရာ ဟီရိုဖူမီ က ပြောကြားသည်။ မိမိတို့ပါတီနှစ်ရပ်စလုံးသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် ထားရှိသည့်ရည်မှန်းချက်များ တူညီကာ မျိုးဆက်သစ်များအား ဖွံ့ဖြိုးသည့်နိုင်ငံတွင် မွေးဖွားလာသူများအဖြစ် ဂုဏ်ယူရစေရေးဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ အထက်လွှတ်တော်တွင် ယှဉ်ပြိုင်ခဲ့ရာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ တာကာချီ ဆာနေးက ဆန္ဒမဲ ၁၂၃ မဲရရှိပြီး ပြိုင်ဘက်ဖြစ်သူ အခြေခံဥပဒေဆိုင်ရာ ဒီမိုကရက်တစ်ပါတီမှ ယိုရှီဟီကိုနိုဒါ က ၄၄ မဲသာ ရရှိခဲ့သည်။ အောက်လွှတ်တော်တွင် ယှဉ်ပြိုင်ခဲ့ရာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ တကာချီဆာနေးက ဆန္ဒမဲ ၂၃၇ မဲရရှိကာ ပြိုင်ဘက်ဖြစ်သူ အခြေခံဥပဒေဆိုင်ရာ ဒီမိုကရက်တစ်ပါတီမှ ယိုရှီဟီကိုနိုဒါက ၁၄၉ မဲရရှိခဲ့သည်။ ယခုဖွဲ့စည်းမည့် ညွန့်ပေါင်းအစိုးရအဖွဲ့တွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ချုပ်ဟောင်းနှင့် တာကာချီဆာနေး ၏ ပြိုင်ဘက်ဖြစ်သူ မိုတာဂီတိုရှီမစ်ဆု အား နိုင်ငံခြားရေးဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူးအဖြစ် မီနိုရူကီဟာရာ၊ ဒေသဆိုင်ရာ ပြန်လည်ရှင်သန်ရေးဝန်ကြီးဟောင်း ကာတာရာ မာဆက်ဆုကီ အား ဘဏ္ဍာရေးဝန်ကြီး၊ ယိုရှီမာဆာဟာရာရှီအား ပြည်ထဲရေးဝန်ကြီးနှင့် တာကာချီဆာနေး၏ပြိုင်ဘက် ကိုအိဇု မိရှင်ဂျီရိုအား ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။