“၂၀၂၅ ထိုင်းဆီးဂိမ်းဘော်လီဘောပြိုင်ပွဲ အုပ်စုများခွဲဝေ”
21 Oct
(၃၃) ကြိမ်မြောက် ၂၀၂၅ ထိုင်းဆီးဂိမ်း ဘော်လီဘောပြိုင်ပွဲများအတွက် အုပ်စုခွဲဝေမှုကို အောက်တိုဘာလ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။ ၂၀၂၅ ထိုင်းဆီးဂိမ်းစ် အမျိုးသားဘော်လီဘောပြိုင်ပွဲကို အသင်း ၈ သင်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ပထမအဆင့် အနေနဲ့ လေးသင်း နှစ်အုပ်စုခွဲကာ ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။ အသင်း ၈ သင်းကို အုပ်စုခွဲဝေခဲ့ရာ အုပ်စု (A) မှာ အိမ်ရှင်ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ လာအို၊ အုပ်စု (B) မှာ မြန်မာ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်အသင်းတို့ ကျရောက်ခဲ့ပါတယ်။ ပထမအဆင့်အနေနဲ့ အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားစေပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးရပ်တည်နေတဲ့ နှစ်သင်းစီ၊ ပေါင်းလေးသင်းဟာ ဆီမီးဖိုင်နယ်ကို တက်ရောက်ကစားခွင့်ရမှာ ဖြစ်ပါတယ်။ အုပ်စုတတိယနဲ့ စတုတ္ထရရှိတဲ့ အသင်းနှစ်သင်းစီ ပေါင်းလေးသင်းဟာ အဆင့် (၅၊ ၆၊ ၇၊ ၈) နေရာများအတွက် ဆက်လက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ၂၀၂၅ ထိုင်းဆီးဂိမ်းစ် အမျိုးသမီးဘော်လီဘောပြိုင်ပွဲကို အသင်း ၇ သင်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ပထမအဆင့်အနေနဲ့ အုပ်စု နှစ်ခုခွဲကာ ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။ အသင်း ၇ သင်းကို အုပ်စုခွဲဝေခဲ့ရာ အုပ်စု (A) မှာ အိမ်ရှင်ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ အုပ်စု (B) မှာ မြန်မာ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားအသင်းတို့ ကျရောက်ခဲ့ပါတယ်။ ပထမအဆင့်အနေနဲ့ အုပ်စုပတ်လည် ယှဉ်ပြိုင် ကစားစေပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးရပ်တည်မှုရ နှစ်သင်းစီ၊ ပေါင်းလေးသင်းဟာ ဆီမီးဖိုင်နယ်ကို တက်ရောက် ကစားခွင့်ရမှာ ဖြစ်ပါတယ်။ ကျန်အသင်းများမှာ အဆင့် (၅၊ ၆၊ ၇) နေရာများအတွက် ဆက်လက်ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းစ်မှာ မြန်မာအမျိုးသားဘော်လီဘောအသင်းနှင့် အမျိုးသမီး ဘော်လီဘောအသင်းတို့ဟာ အဆင့် (၇)မှာသာ ရရှိခဲ့ကြပါတယ်။ (NVS 008)