“ဂါဇာဒေသရှိ ဟားမတ်စ်အဖွဲ့၏ပစ်မှတ်များကို အစ္စရေးတပ်မတော်က တိုက်ခိုက်”

21 Oct

ဂါဇာဒေသတောင်ပိုင်းရှိ ဟားမတ်စ်အဖွဲ့တည်ရှိရာ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးတပ်မတော်က အောက်တိုဘာလ ၁၉ ရက်တွင် ပြောကြားသည်။ အစ္စရေးတပ်မတော် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တိုက်ခိုက်မှုအတွင်း ဟားမတ်စ်အဖွဲ့က ဓားစာခံများကို ထိန်းသိမ်းထားရာ ဥမင်များကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အစ္စရေးနိုင်ငံပိုင် ကန်တီဗီ ရုပ်မြင်သံကြားဌာနက ပြောကြားသည်။ ဂါဇာဒေသ မြောက်ပိုင်းနှင့်တောင်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့်ပစ်မှတ် ၁၀၄ ခုကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ဂါဇာဒေသတောင်ပိုင်းရှိ ရာဖာတွင် အခြေခံအဆောက်အအုံများကို ဖျက်သိမ်းနေသည့် အစ္စရေးတပ်ဖွဲ့များအား ဟားမတ်စ်အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း အစ္စရေးတပ်မတော် က ပြောကြားသည်။ ယခု တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်နှင့် တာဝန်ရှိသူများအား ဂါဇာဒေသရှိ ဟားမတ်စ်တို့၏ပစ်မှတ်များကို ချေမှုန်းရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ဂါဇာဒေသတွင်းသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီ များ ဝင်ရောက်ခွင့်ကိုလည်း ပိတ်ပင်ထားရန် ညွှန်ကြားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသတွင် အောက်တိုဘာလ ၁၉ ရက်က အစ္စရေး၏တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ဆေးဘက်ဆိုင်ရာတာဝန်ရှိသူများ က ပြောကြားသည်။ ဒေသ အသီးသီးရှိ ဒဏ်ရာရသူများကို ကယ်ဆယ်ခဲ့ပြီး သတင်းထောက်များနှင့် အမျိုးသမီးများအပါအဝင် ရုပ်အလောင်း ၁၄ လောင်းကို ပြန်လည် ရရှိခဲ့ကြောင်း အရပ်ဘက်ကာကွယ်ရေးဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အစ္စရေးတပ်မတော်က အရပ်သားများရှိရာ ကော်ဖီဆိုင်နှင့် ရွှေ့ပြောင်းအခြေချသူများနေထိုင်ရာ တဲများအား လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် ပျက်စီးမှုများရှိကြောင်းနှင့် ကယ်ဆယ်ရေးကိရိယာနှင့် လောင်စာဆီရှားပါးခြင်း ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

21 Oct

ADVERTISE HERE .