ဗုဒ္ဓမြတ်စွယ်တော်ပွားကို ယူဂန်ဒါဗုဒ္ဓစင်တာသို့ ဆက်ကပ်လှူဒါန်း

20 Oct

အောက်တိုဘာလ ၁၅ ရက်မှ ၁၆ ရက်အထိ ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ ကျင်းပသည့် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့(Non-aligned Movement- NAM)၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့က ယူဂန်ဒါ ဗုဒ္ဓစင်တာ(Uganda Buddhist Centre)သို့ သွားရောက်ပြီး မြန်မာနိုင်ငံမှပင့်ဆောင်ခဲ့သော ဗုဒ္ဓစွယ်တော်ပွားကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် အဆိုပါစင်တာရှိ ရဟန်းသံဃာများ၊ ရှင်သာမဏေများနှင့် သီလရှင်များအတွက် သင်္ကန်း ပရိက္ခရာများ၊ ဆွမ်းခဲဖွယ်များနှင့် ပညာရေး၊ လူမှုရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် အလှူငွေများကို လှူဒါန်းခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ ဆရာတော်ကြီးများ၏ လမ်းညွှန်မှုဖြင့် ယူဂန်ဒါနိုင်ငံသား ဆရာတော် Bhante Buddharakkita က ဦးဆောင်ပြီး အမေရိကန်ပြည်ထောင်စုမှ ဒါယကာ၊ ဒါယိကာမများ၏ ပံ့ပိုးမှုဖြင့် ယူဂန်ဒါ ဗုဒ္ဓစင်တာကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံနှင့် နက်ရှိုင်းသော ဆက်ဆံရေးလည်းရှိကြောင်း သိရပါတယ်။ အဆိုပါစင်တာက အာဖရိတိုက်တွင် ဗုဒ္ဓဓမ္မများပြန့်ပွားရေး၏ အဓိကကျသော ဗဟိုဌာနတစ်ခုအဖြစ် ရပ်တည် လျက်ရှိပြီး ဘာသာရေးလုပ်ငန်းများအပြင် ဒေသခံများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိတာဖြစ်ပါတယ်။ ယခုအခါ အာဖရိကဗုဒ္ဓကောလိပ်(Africa Buddhist college-ABC)အဖြစ် ဖွင့်လှစ်ရန် ပြင်ဆင်လျက် ရှိကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံမှ ဆရာတော်တစ်ပါးနှင့် သီလရှင်နှစ်ပါးတို့က ယူဂန်ဒါဗုဒ္ဓစင်တာတွင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယူဂန်ဒါဗုဒ္ဓစင်တာတွင် စာပေသင်ယူလျက်ရှိသည့် ရှင်သာမဏေနှင့် သီလရှင်စုစုပေါင်း အပါး ၇၀ ရှိကြောင်း သိရပါတယ်။(NVS 004)

20 Oct

ADVERTISE HERE .