ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့က အပြန်အလှန်တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် နှစ်နိုင်ငံစလုံး သဘောတူ
20 Oct
ပါကစ္စတန်နိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့ကြား ဖြစ်ပွားနေသည့် အပြန်အလှန်တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် နှစ်နိုင်ငံစလုံးက သဘောတူလိုက်ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် တာဝန်ရှိသူများသည် ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ အောက်တိုဘာလ ၁၈ ရက် တွင် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် ယခုကဲ့သို့ ချက်ချင်းအပစ်အခတ်ရပ်စဲသွားရန် သဘောတူ လိုက်ခြင်းဖြစ်သည်။ အဆိုပါဆွေးနွေးမှုများလုပ်ဆောင်ရန် ကာတာနှင့် တူကီယဲနိုင်ငံတို့က ကမကထပြု ဆောင်ရွက်ခြင်းဖြစ်ပြီး ထိုဆွေးနွေးမှုအတွင်း ချက်ချင်းအပစ်အခတ်ရပ်စဲရေးအပြင် အိမ်နီးချင်းနှစ်နိုင်ငံကြား ထာဝရငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပိုမိုခိုင်မာစေရန်ရည်ရွယ်သည့် နည်းလမ်းများစွာကို အကောင်အထည်ဖော်ဆောင်ရွက်သွားရေးကိုပါ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ယခုရရှိသည့် အပစ်အခတ်ရပ်စဲရေး ပိုမိုခိုင်မာမှုရှိစေရန်နှင့် အပစ်အခတ်ရပ်စဲရေးကို လက်ခံ နိုင်သောအတိုင်းအတာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးတို့အတွက် လာမည့်ရက်များတွင် နောက်ထပ်ဆွေးနွေးပွဲများစွာကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ လက်ရှိအပစ်အခတ်ရပ်စဲရေးသည် နှစ်နိုင်ငံကြား တင်းမာမှုများ ပြေလျော့စေရေး ကူညီပေးမည့် ခြေလှမ်းတစ်ခုဖြစ်ကြောင်း ကာတာအစိုးရက ထုတ်ပြန်ထားသည်။