အစ္စရေးက ဂါဇာကို တိုက်ခိုက်မှုပြုလုပ် အပစ်အခတ်ရပ်စဲရေး ပျက်စီးလုနီးပါးဖြစ်

20 Oct

အစ္စရေးတပ်မတော်သည် ဂါဇာဒေသတောင်ပိုင်းရှိ ပစ်မှတ်များကို အောက်တိုဘာလ ၁၉ ရက်တွင် အမြောက်ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ကြောင်း အစ္စရေးတပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အစ္စရေး၏ အဆိုပါတိုက်ခိုက်မှုကြောင့် အမေရိကန်သမ္မတကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ပျက်စီးလုနီးပါးဖြစ်လာကြောင်း သိရသည်။ အစ္စရေးက ဂါဇာအပေါ် တိုက်ခိုက်မှုလုပ်ခြင်းသည် ဟားမက်အဖွဲ့၏ တိုက်ခိုက်မှုကို လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်းနှင့် ယင်းသို့တိုက်ခိုက်မှုသည် နဂိုကတည်းကမှ ယိုင်နဲ့နဲ့ဖြစ်နေသည့် အပစ်အခတ်ရပ်စဲရေးကို ပြင်းထန်သော စမ်းသပ်မှုဖြစ်လာသည်။ အစ္စရေးတပ်မတော်သည် ၎င်းတို့၏ စစ်သည်များကို ပစ်ခတ်မှုလုပ်သော ရာဖာရှိ စစ်သွေးကြွများကို ပစ်မှတ်ထားကာ လက်တုံ့ပြန် တိုက်ခိုက်မှုလုပ်ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် လိုဏ်ခေါင်းများနှင့် စစ်ဘက် အဆောက်အဦများကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ သို့သော် ရာဖာဒေသတွင် ပစ်ခတ်မှုဖြစ်သည်ဟု မသိရကြောင်းနှင့် ၎င်းတို့အနေဖြင့် အပစ်အခတ်ရပ်စဲရေးကို လိုက်နာနေဆဲပင်ဖြစ်ကြောင်း ဟားမက်အဖွဲ့က ထုတ်ပြန်ထားသည်။

20 Oct

ADVERTISE HERE .