ရန်ကုန်-ပုဂံ ရထားလမ်းပိုင်း လူစီးရထား ပြန်လည်ပြေးဆွဲမည်
19 Oct
၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-အောင်လံ-ပုဂံ ရထား လမ်းပိုင်းရှိ ဆတ်သွားနှင့်ကိုးပင်အကြား တံတားအမှတ်(၃၄၃) ရန်ပယ်ချောင်းကူးတံတားမှာ ရေတိုက်စားပျက်စီး ခဲ့ခြင်းကြောင့် ယာယီရပ်နားခဲ့သည့် ရန်ကုန်-အောင်လံ-ပုဂံပြေးဆွဲနေသော အမှတ်(၆၁)အဆန်/(၆၂)အစုန် ရထား များကို အောက်တိုဘာလ ၂၁ ရက်မှစတင်ပြီး ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။ အမှတ်(၆၂)အစုန် လူစီးရထားကို ပုဂံ-ပျဉ်းမနား-ရန်ကုန်ခရီးစဉ်အဖြစ် အောက်တိုဘာလ ၂၁ ရက် (အင်္ဂါနေ့) ညနေ ၆ နာရီတွင် ပုဂံဘူတာမှစတင်ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ အမှတ်(၆၁)အဆန် ရန်ကုန်-ပျဉ်းမနား-ပုဂံရထားကို အပတ်စဉ်သောကြာနေ့နှင့် အမှတ်(၆၂)အစုန် ပုဂံ-ပျဉ်းမနား-ရန်ကုန်ရထားကို အပတ်စဉ်အင်္ဂါနေ့ တို့တွင် ပုံမှန်ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ အမှတ်(၆၁)အဆန် ရထားကို ရန်ကုန်မှ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင်ထွက်ခွာပြီး ပုဂံသို့ နောက်တစ်နေ့နံနက် ၆ နာရီ ၄၅ မိနစ်တွင် ရောက်ရှိမှာဖြစ်ပြီး အမှတ်(၆၂)အစုန်ရထားက ပုဂံမှ ည ၆ နာရီတွင်ထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ် တွင် ရောက်ရှိမှာဖြစ်ပါတယ်။ ခရီးစဉ်အစအဆုံးအတွက် လက်မှတ်ခမှာ ရိုးရိုးတန်း ၁၆,၀၀၀ ကျပ်၊ အထက်တန်း ၂၆,၀၀၀ ကျပ်နှင့် အိပ်စင် တစ်ဦးလျှင် ၃၄,၀၀၀ ကျပ်ဖြစ်ပြီး လမ်းခရီးတစ်လျှောက် တိုးကြောင်ကလေး၊ ပဲခူး၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ဖြူး၊ တောင်ငူ၊ ပျဉ်းမနား၊ လယ်ဝေး၊ ဆတ်သွား၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်၊ လေးအိမ်၊ သာမြှား၊ ပင်းချောင်း၊ ကျောက်ပန်းတောင်း၊ ငါ့မင်းမေး၊ ဆုတည်ဘူတာတို့တွင် ရပ်တန့်မှာဖြစ်ပါတယ်။ ရပ်တန့်မည့်ဘူတာများနှင့် လက်မှတ်ခနှုန်းထားများကို ဘူတာများတွင်အသေးစိတ် ထုတ်ပြန်ကြေညာ ထားပြီး ရိုးရိုးတန်းအတွက်လက်မှတ်များကို တစ်ရက်ကြိုတင်၍ လည်းကောင်း၊ အထက်တန်းနှင့် အိပ်စင်အတွက် လက်မှတ်များကို သုံးရက်ကြိုတင်၍လည်းကောင်း ဝယ်ယူနိုင်ကြောင်း သိရပါတယ်။(NVS 004)