ဉာဏ်ရည်တုနည်းပညာ(AI) အသုံးပြုပြီး သဘာဝဓါတ်ငွေ့ထုတ်ယူမည် ရှေ့ပြေးစီမံကိန်းဆောင်ရွက်ရန် စွမ်းအင်ဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံပိုင် JSC RosGeo ကုမ္ပဏီတို့ သဘောတူစာချုပ်ချုပ်ဆို

19 Oct

ဉာဏ်ရည်တုနည်းပညာ(AI) အသုံးပြု၍ ပါးလွှာသဲကြောများမှ သဘာဝဓာတ်ငွေ့ထုတ်ယူရရှိရေး ရှေ့ပြေး စီမံကိန်း (Pilot Project to Extract Natural Gas From Thin Sands Using Artificial Intelligence Technology) အဖြစ် အဖျောက်သဘာဝဓာတ်ငွေ့မြေရှိ တွင်း ၅ တွင်းတွင် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် JSC RosGeo ကုမ္ပဏီတို့အကြား လုပ်ငန်းသဘောတူ စာချုပ်ချုပ်ဆိုခြင်းကို နှစ်နိုင်ငံ စွမ်းအင်ဝန်ကြီးများရှေ့မှောက်တွင် အောက်တိုဘာ ၁၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ (၈)ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာ ဖိုရမ်(REW)သို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေပြီး အဆိုပါ လက်မှတ်ရေးထိုးမှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုချုပ်ဆိုခဲ့သည့် စီမံကိန်းမှာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဉာဏ်ရည်တုနည်းပညာ (AI) ကို အသုံးပြု၍ ပထမဆုံး ရေနံနှင့်သဘာဝဓာတ်ငွေ့အထွက်တိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့် စီမံကိန်းတစ်ခုဖြစ်ပြီး သဘာဝဓာတ်ငွေ့ထုတ်ယူနိုင်ရန် အလားအလာကောင်းများရှိသည့် အဖျောက်သဘာဝဓာတ်ငွေ့မြေတွင် စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါတယ်။ ဆက်လက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့က ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် Gaztroprom International Limited မှ General Director ဦးဆောင်သည့်အဖွဲ့နှင့်တွေ့ဆုံ၍ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ရေနံချက်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ လိုအပ်သည့် ရေနံစိမ်းများရရှိရေးနှင့် ထွက်ရှိ လာသည့် ရေနံထွက်ပစ္စည်းများကို ပြည်တွင်း၌သာမက ဒေသတွင်းနိုင်ငံများသို့ ဖြန့်ဖြူးရောင်းချပေးမည့် အလားအလာ များနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ အဆင့်မြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ် များကိုဆွေးနွေးပြီး သက်ဆိုင်ရာပညာရှင်များပါဝင်သည့် ဖြစ်နိုင်စွမ်းဆန်းစစ်ခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက် နိုင်ရန်အတွက် စေလွှတ်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။(NVS 004)

19 Oct

ADVERTISE HERE .