ကစားသမားခြောက်ဦးထိ လူစားလဲနိုင်ရေးအတွက် ဥရောပကလပ်များအဖွဲ့ချုပ်နှင့် ပရီးမီးယားလိဂ်ကလပ် အသင်းများ စတင်ဆွေးနွေး
18 Oct
ကစားသမားခြောက်ဦးထိ လူစားလဲနိုင်ရေးအတွက် ပရီးမီးယားလိဂ် ထိပ်တန်းကလပ်အသင်းများ ဦးဆောင်ပြီး ဥရောပကလပ်များအဖွဲ့ချုပ်နှင့် ဆွေးနွေးမှုများ စတင်လုပ်ဆောင်နေကြောင်း သိရပါတယ်။ ဥရောပကလပ်များအဖွဲ့ချုပ်က နှစ်စဉ်ပြုလုပ်သည့် အစည်းအဝေးတစ်ရပ်တွင် ကလပ်အသင်းများအနေဖြင့် အသင်းကစားသမား စာရင်းမှတ်ပုံတင်ခြင်းကို ၂၅ ဦးမှ ၂၈ ဦးထိတိုးမြှင့်ခြင်း၊ ပွဲတစ်ပွဲအတွင်း ကစားသမားလဲလှယ်ခွင့် ငါးကြိမ်မှ ခြောက်ကြိမ်ထိ တိုးမြှင့်အသုံးပြုခွင့် ရရှိရေးတို့နှင့်ပတ်သက်ပြီး အလွတ်သဘော ဆွေးနွေးမှုများ လုပ်ဆောင် ခဲ့ကြခြင်းဖြစ်ပါတယ်။ အစောပိုင်းက ဘောလုံးလောကတွင် ကစားသမားလဲလှယ်အသုံးပြုခွင့်ကို သုံးကြိမ်သာခွင့်ပြုထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ကိုဗစ်ကာလပြီးနောက် ကစားသမားများ ပွဲပန်းမှုများနှင့် ပွဲစဉ်များကို ဆက်တိုက်ကစားရမှုများကြောင့် နိုင်ငံတကာပွဲစဉ်များမှစတင်ပြီး ကလပ်ပွဲစဉ်များထိ ကစားသမားငါးဦးထိ လဲလှယ်အသုံးပြုခွင့်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိတွင် ကလပ်အသင်းပြိုင်ပွဲများတွင် ကစားသမားခြောက်ဦး လဲလှယ်ခွင့်ရရှိနေသော်လည်း ပုံမှန် အခြေအနေတွင် ရရှိခြင်းမဟုတ်ဘဲ ကစားသမားများ ဦးခေါင်းဒဏ်ရာရရှိမှုနှင့် အခြားအရေးပေါ် အခြေအနေမှသာ ခြောက်ဦးထိ လဲလှယ်ရန်ခွင့်ပြုပေးခြင်းဖြစ်ပြီး ပုံမှန်အခြေအနေတွင် ငါးဦးသာ လဲလှယ်ခွင့်ပြုထားခြင်း ဖြစ်ပါတယ်။ ဥရောပကလပ်များအဖွဲ့ချုပ်၏ အစည်းအဝေးသို့ ပရီးမီးယားလိဂ်မှ မန်စီးတီး၊ လီဗာပူးလ်၊ အာဆင်နယ်၊ မန်ယူ၊ နော်တင်ဟမ်အသင်း တို့မှ ကိုယ်စားလှယ်များက တက်ရောက်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS 008)