တံကောက်ကြောဒဏ်ရာရရှိခဲ့တဲ့ ပူလီဆစ် ကာလရှည်နားရမည်ကို အေစီမီလန်အသင်းစိုးရိမ်

18 Oct

နိုင်ငံအသင်းဖြစ်တဲ့ အမေရိကန်အသင်းအတွက် ကစားပေးရင်း တံကောက်ကြောဒဏ်ရာရခဲ့တဲ့ တောင်ပံ တိုက်စစ်ကစားသမား ပူလီဆစ် အနေနဲ့ ကာလရှည်နားရမှာကို အေစီမီလန်အသင်းက စိုးရိမ်နေပါတယ်။ အခုရာသီမှာ ရလဒ်ကောင်းတွေရနေတဲ့ အေစီမီလန်အသင်းအတွက် ပူလီဆစ် က အရေးပါတဲ့ ကစားသမားအဖြစ် ပါဝင်နေတာ ဖြစ်ပါတယ်။ ပူလီဆစ် ရဲ့ဒဏ်ရာကို အသေးစိတ်စစ်ဆေးမှုတွေ မလုပ်ရသေးတဲ့အပြင် အသင်းထံသို့ပြန်လာရန် နှောင့်နှေး မှုတွေရှိခဲ့လို့ အနားယူရမယ့် ကာလကို အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။ သတင်းတွေအရ ပူလီဆစ် ရဲ့ ဒဏ်ရာက တစ်လလောက် အနားယူရနိုင်တယ်လို့ သိရပြီး ပူလီဆစ်အနေနဲ့ တနင်္ဂနွေညမှာ ကစားမယ့် ဖီအိုရင်တီးနား အသင်းနဲ့ စီးရီးအေပွဲစဉ်အပြင် ပီဆာ၊ အတ္တလန္တာ၊ ရိုးမားနဲ့ ပါးမား ပွဲစဉ်တွေကိုပါ လွဲချော်ရဖွယ် ရှိနေပါတယ်။ အခုရာသီမှာ ကလပ်အသင်းအတွက် ၇ ပွဲကစားပြီး ၆ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးထားတဲ့ ပူလီဆစ် ရဲ့ဒဏ်ရာ ပြင်းထန်မှာကို အေစီမီလန်အသင်းက စိုးရိမ်နေတာဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ပူလီဆစ် ဟာ ပြီးခဲ့တဲ့တစ်ပတ်က ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပေမယ့် အမေရိကန် လက်ရွေးစင်အသင်းလူစာရင်းမှာ ပါဝင်ခဲ့ပြီး ဩစတြေးလျအသင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပြီး ပွဲချိန် ၂၆ မိနစ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။(NVS 008)

18 Oct

ADVERTISE HERE .