ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသည့် မက္ကဒေးမီးယားသီးနှံများ ပြည်ပသို့ ရောင်းချခွင့်ရရှိ
18 Oct
ပြည်တွင်း၌ မက္ကဒေးမီးယားသီးနှံများကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ ပြည်တွင်းဈေးကွက်သာမက ပြည်ပ ဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခွင့်ရရှိထားကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။ မက္ကဒေးမီးယားသီးနှံများကို တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် ပြီးခဲ့တဲ့ စက်တင်ဘာလကုန်မှ စတင်၍ တရုတ်အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)တို့အကြား သဘောတူစာချုပ် လက်မှတ် ရေးထိုးခဲ့တာဖြစ်ပါတယ်။ မက္ကဒေးမီးယားသီးနှံများ တင်ပို့ရာ၌ GACC အဖွဲ့၏ ခွင့်ပြုချက်ရရှိရန်လိုအပ်ပြီး တင်ပို့ရန်ပြုပြင်ရာတွင်လည်း မှိုတက်နေသောအစေ့များ၊ အခွံများ၊ ပေါင်းပင်မျိုးစေ့များ မပါရှိရေးအတွက် သန့်စင်မှုများဆောင်ရွက်ကာ စိုက်ပျိုးခြင်း၊ ပြုပြင်ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်းပြုလုပ်မည့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံက စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှထွက်ရှိတဲ့ မက္ကဒေးမီးယားစေ့များက ကျန်းမာရေးအတွက် အထောက်အကူပြုပြီး ရှမ်းပြည်နယ် တွင် အဓိကစိုက်ပျိုးကာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးလျက်ရှိကာ တစ် နိုင်ငံလုံးအတိုင်းအတာအရ စိုက်ဧက ၁၂,၀၀၀ ခန့် စိုက်ပျိုးထားရှိကြောင်း သိရပါတယ်။(NVS 004)