မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေးအတွက် ချေးငွေများ လျှောက်ထားနိုင်

18 Oct

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသော ဒေသများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်မှထည့်ဝင်ပံ့ပိုးသော ရန်ပုံငွေဖြင့် သက်တမ်း (၃)နှစ်မှ(၅)နှစ် အထိရှိ ချေးငွေများကို သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးသွားမှာဖြစ်လို့ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အောက်တိုဘာလ ၁၇ ရက်တွင် အသိပေးထုတ်ပြန်ခဲ့ပါတယ်။ နေအိမ်နှင့် အဆောက်အဦးပြန်လည်တည်ဆောက်ရေးချေးငွေ၏ အတိုးနှုန်း ၃ ရာခိုင်နှုန်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSMEs) လုပ်ငန်းများအတွက် လုပ်ငန်းလည်ပတ်ရင်းနှီးငွေ၊ စက်ပစ္စည်း၊ ရေ၊ မီး၊ ဆိုလာနှင့် ရင်းနှီးမြှုပ်နှံမှုချေးငွေ၏ အတိုးနှုန်း ၅ ရာခိုင်နှုန်း၊ စက်ရုံလုပ်ငန်းကြီးများ ပြန်လည်ပြုပြင်ရေးနှင့် လည်ပတ်နိုင်ရေးချေးငွေ၏ အတိုးနှုန်း ၇ ရာခိုင်နှုန်း၊ နိုင်ငံပိုင်အခြေခံအဆောက်အအုံများ တာဝန်ယူတည်ဆောက် နေသည့် ဆောက်လုပ်ရေးကုမ္ပဏီများအတွက် ယာယီချေးငွေ၏ အတိုးနှုန်း ၇ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း သိရပါတယ်။ ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများဖြစ်သည့် AYA Bank PCL၊ uab Bank PCL၊ CB Bank PCL၊ ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်၊ ရိုးမဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ မြဝတီဘဏ်၊ အင်းဝဘဏ်၊ Best Merchant Finance Co., Ltd နှင့် Zega Finance Co., Ltd တို့ကို ချေးငွေအစီအစဉ်တွင် ပါဝင်ဆောင်ရွက်ရန် ရွေးချယ်ထားပြီး ချေးငွေဆိုင်ရာစံပြုလုပ်ငန်းစဉ်များနှင့်အညီ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ငလျင်ဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများရှိ စီးပွားရေးလုပ်ငန်းများနှင့် ဒေသခံများအနေဖြင့် ချေးငွေအစီအစဉ် တွင် ပါဝင်ဆောင်ရွက်မည့် ဘဏ်များနှင့် ဘဏ်မဟုတ်သော ငွေကြေးအဖွဲ့အစည်းများမှတစ်ဆင့် ချေးငွေများ လျှောက်ထားနိုင်ပြီဖြစ်ကြောင်းနှင့် ချေးငွေရယူမည့် အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် Website ဖြစ်သည့် www.cbm.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ထုတ်ပြန်ထားရှိပါတယ်။(NVS 004)

18 Oct

ADVERTISE HERE .