တိုင်းပြည်တည်ငြိမ်အေးချမ်းရေး အရေးကြီးသဖြင့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆောင်ရွက်သွားကြရန်လိုအပ်
18 Octငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့များက အောက်တိုဘာလ ၁၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား လာရောက်၍ ဂါရဝပြုတွေ့ဆုံခဲ့ပါတယ်။ အဆိုပါ တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က NCA (၁၀)နှစ်ပြည့် အခမ်းအနားသို့ တက်ရောက် ပေးကြသည့် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့များအားလုံးကို နိုင်ငံတော်နှင့် တပ်မတော်မှ ဝမ်းမြောက် စွာဖြင့် ကြိုဆိုပါကြောင်း၊ NCA နှစ်ပတ်လည်အခမ်းအနားတွင် လိုအပ်သည်များကို ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ NCA ကို အပြည့်အဝအကောင်အထည်ဖော်ရန်အတွက် ယခင်ကတည်းက ဆောင်ရွက်ခဲ့သော်လည်း ဒီမိုကရေစီ ဒုတိယအစိုးရသက်တမ်းတွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ရကြောင်း၊ မိမိတို့တာဝန်ယူဆောင်ရွက်ချိန်တွင် အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တပ်မတော်မှ နိုင်ငံတော်တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သည့် အတွက် ဆက်လက်ဆွေးနွေးဆောင်ရွက်မှုမရှိ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နှောင့်နှေးခဲ့ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မိမိတို့အနေဖြင့် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က NCA ကို ဆက်လက်အကောင်အထည် ဖော်ဆောင်နိုင်ရန် အတွက် ရွေးချယ်ခံအစိုးရ၊ လွှတ်တော်ရှိရန်လိုကြောင်း၊ မူလစတင် လက်မှတ်ရေးထိုးစဉ်ကတည်းက လွှတ်တော်၊ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုအဖွဲ့အစည်းများ၊ လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး NCA ကို ဆောင်ရွက်ထားခြင်းဖြစ်သည့်အတွက် လက်ရှိအချိန်တွင် အခိုင်မာဆုံးဖြစ်ကြောင်း၊ အခြေခံဥပဒေအား ပြင်ဆင်၍ရသည်များကို ပြင်ဆင်ပေးသွားမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဆိုသော်လည်း မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရန်လိုကြောင်း၊ ဖက်ဒရယ်စနစ်တွင်လည်း အလားတူပင်ဖြစ်ကြောင်း၊ ကွဲပြားခြားနားမှုများရှိသော်လည်း မိမိတို့အနေဖြင့် အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ NCA မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည့်အတိုင်း အားလုံးက ဖြစ်ချင်တာထက် ဖြစ်နိုင်တာ၊ ဖြစ်သင့်တာကို ပိုမိုဦးစားပေးပြီး ဆောင်ရွက်သင့်ကြောင်း၊ အထူးသဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အရေးကြီးသဖြင့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တိုင်းပြည်ခွဲထွက်ရေးကို တပ်မတော်အနေဖြင့် လုံးဝ လက်မခံ ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို တပ်မတော်အနေဖြင့် အလေးထားစောင့်ထိန်း လိုက်နာသွားမည်ဖြစ်ကြောင်းနှင့် လူအနည်းစု၏ သဘောထားကို အလေးထားရမည်ဖြစ်သော်လည်း လူအများစု၏ ဆန္ဒကိုလည်း အားလုံးက လေးစား လိုက်နာရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ တွေ့ဆုံပွဲအခမ်းအနားသို့ တပ်မတော်ဘက်မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။(NVS 004)