“နော်တင်ဟမ်အသင်းနဲ့ ပွဲစဉ်မှာ ကြီးကြပ်ခွင့်ရမှာမဟုတ်တဲ့ ချဲလ်ဆီးနည်းပြ မာရက်စ်ကာ”
17 Oct
လီဗာပူးအသင်းကို အနိုင်ရတဲ့ပွဲမှာ အထုတ်ခံခဲ့ရတဲ့ ချဲလ်ဆီးနည်းပြ မာရက်စ်ကာ ဟာ တစ်ပွဲပယ်ပြစ်ဒဏ် ကျခံရမှာဖြစ်တယ်လို့ ပရီးမီးယားလိဂ်က သတင်းထုတ်ပြန်ပါတယ်။ အီတလီလူမျိုးနည်းပြ မာရက်စ်ကာ ဟာ လီဗာပူးလ်အသင်းနဲ့ပွဲမှာ ချဲလ်ဆီးတောင်ပံတိုက်စစ်မှူး အက်စ်တီဗာအို အနိုင်ဂိုးသွင်းယူပြီးနောက် သတ်မှတ်ထားတဲ့ ဧရိယာကို ကျော်ဖြတ်ပြီး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ အဆိုပါဖြစ်ရပ်အတွက် ကွင်းလယ်ဒိုင် အန်တိုနီတေလာ က မာရက်စ်ကာ ကို အဝါကတ်ပြသခဲ့ပြီး မာရက်စ်ကာ ဟာ ပွဲချိန်အစောပိုင်းတုန်းကလည်း အဝါကတ်တစ်ကြိမ် ပြသခံထားရပြီးဖြစ်လို့ ၂ ဝါ ၁ နီနဲ့ ကွင်းအတွင်းကနေ ထွက်သွားခဲ့ရတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းနည်းပြဖြစ်သူဟာ ပွဲချိန်အတွင်း မလျော်ကန်တဲ့ အပြုအမူကို ပြုလုပ်ခဲ့တဲ့အတွက် ထုတ်ပယ်ခြင်းခံရတာဖြစ်ပြီး တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်တာဖြစ်တယ်လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ရဲ့ ကြေညာချက်မှာရေးထားပါတယ်။ မာရက်စ်ကာ ဟာ ပွဲပယ်ပြစ်ဒဏ်အပြင် ဒဏ်ကြေးပေါင် ၈,၀၀၀ ကို ပေးဖို့အတွက်လည်း လက်ခံခဲ့တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် လာမယ့်စနေည နော်တင်ဟမ်အသင်းအိမ်ကွင်းကို သွားရောက်ကစားရမယ့် ချဲလ်ဆီးအသင်း ကို နည်းပြ မာရက်စ်ကာ အနေနဲ့ ကွင်းအတွင်း ကြီးကြပ်ခွင့်ရမှာမဟုတ်ဘဲ လက်ထောက်နည်းပြ ကာဘယ်လီရို က တာဝန်ယူသွားရဖွယ်ရှိနေပါတယ်။ ၂၀၂၄ ဇွန်လမှာ ပရီးမီးယားလိဂ်နည်းပြ ဖြစ်လာပြီးနောက်ပိုင်း မာရက်စ်ကာ အတွက် ဒုတိယမြောက်ပွဲပယ်ခံရတာလည်းဖြစ်ပါတယ်။ (NVS 008)