“NATO တပ်ဖွဲ့က ရုရှားနယ်စပ်အနီး၌ အင်အားအလုံးအရင်းဖြင့် ဖြန့်ကြက်နေရာယူလာဟုဆို”

17 Oct

NATO တပ်ဖွဲ့သည် ရုရှားနိုင်ငံနယ်စပ်အနီး၌ အင်အားအလုံးအရင်းဖြင့် ဖြန့်ကြက် နေရာယူလာနေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေးဘယ်လူဆော့က ပြောသည်။ NATO တပ်ဖွဲ့အနေဖြင့် ရုရှားနိုင်ငံ၏နယ်စပ် အနီး၌ စုဖွဲ့လေ့ကျင့်မှုများနှင့်ကင်းထောက်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်လာခြင်းအပေါ် ရုရှားကာကွယ်ရေးဝန်ကြီး က ယခုကဲ့သို့ ထောက်ပြ ပြောဆိုထားခြင်းဖြစ်သည်။ ထို့ကြောင့် အနောက်အုပ်စုအနေဖြင့် ရန်လိုသောလှုပ်ရှားမှု များကို ဆောင်ရွက်လာနေစဉ် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ခြင်းသည် ဒေသတွင်းတည်ငြိမ်အေးချမ်းရေး အတွက် အရေးအကြီးဆုံးသော အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ဘယ်လာရုစ် ကာကွယ်ရေးဝန်ကြီးနှင့်တွေ့ဆုံဆွေးနွေးစဉ် ပြောသည်။ မကြာသေးမီက NATO တပ်ဖွဲ့အနေဖြင့် လုပ်ဆောင်သော ရုရှားနိုင်ငံအနီး စစ်ရေးလေ့ကျင့်မှုတွင် စစ်အင်အား စုစုပေါင်း ၆၀,၀၀၀ ဝန်းကျင်အထိပါဝင်လာကြောင်း၊ ယခုနှစ် အတွင်းမှာပင် NATO တပ်ဖွဲ့က လုပ်ဆောင်သည့် စစ်ရေးလေ့ကျင့်ခန်းအကြိမ်ရေ စုစုပေါင်းသည် ၁၂ ကြိမ်နီးပါးအထိရှိလာပြီ ဖြစ်ကြောင်း၊ တစ်ကြိမ်စီတိုင်းတွင်လည်း စစ်သည်အင်အား အနည်းဆုံးထောင်ဂဏန်းနှင့်အထက်ပါဝင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက မှတ်ချက်ပြု ပြောထားသည် ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

17 Oct

ADVERTISE HERE .