“ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့် ရရှိရန် မျှော်မှန်း”

17 Oct

ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ပဲမျိုးစုံတင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့်ရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈၃ သန်းတင်ပို့ရန် လျာထားပြီး ယင်းမှပို့ကုန်ဝင်ငွေဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့် ရရှိရန် ရည်မှန်းထားပါတယ်။ ပြည်တွင်းမှာ စိုက်ပျိုးထွက်ရှိတဲ့ ပဲမျိုးစုံကို အိန္ဒိယဈေးကွက်သို့ အဓိကတင်ပို့လျက်ရှိပြီး တရုတ် နှင့် ဥရောပဈေးကွက်၏ ဝယ်လိုအားလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၂ ဘီလီယံ တန်ဖိုးရှိတဲ့ ပဲမျိုးစုံတန်ချိန် ၂ ဒသမ ၁၄ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုက ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေနဲ့ တစ်နိုင်ငံလုံးရဲ့ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု ၃၃ ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက်ရှိပါတယ်။ မြန်မာနိုင်ငံစိုက်ပျိုးမြေဧရိယာ ၂၀ ရာခိုင်နှုန်းခန့်က ပဲမျိုးစုံစိုက်ပျိုးနေပြီး ပဲမျိုးစုံစိုက်ဧက ၇၂ ရာခိုင်နှုန်း က မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြကြောင်း သိရပါတယ်။ (NVS 004)

17 Oct

ADVERTISE HERE .