“မီးပုံးပျံပွဲတော်ကာလအတွက် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုးခန်းများ ကြိုတင်မှာယူသူများပြား”

17 Oct

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့မှာ ကျင်းပမယ့် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလအတွက် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများရှိ အခန်းများ ကြိုတင်မှာယူသူ များပြားလျက်ရှိနေပြီး အခန်းလွတ်မရှိအောင် ပြည့်လျက်ရှိနေကြောင်း ဒေသခံခရီးသွားလုပ်ငန်းရှင်များထံမှ သိရပါတယ်။ လက်ရှိမှာ ဟိုတယ်နှင့်တည်းခိုခန်းမရရှိတော့တဲ့ ခရီးသွားဧည့်သည်များအတွက် ဒေသခံလုပ်ငန်းရှင် များက ရက်တိုအိမ်လုံးချင်းငှားရမ်းခြင်း၊ ဘန်ဂလိုအခန်းများငှားရမ်းခြင်းတွေကို လုပ်ဆောင်ပေးသွားမှာဖြစ်ပြီး ဘုန်းတော် ကြီးကျောင်းတွေမှာပါ ခရီးသွားဧည့်သည်များ နားခိုနိုင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဟိုတယ်နှင့်တည်းခိုရိပ်သာ ၂၆၀ လုံးကျော်ရှိပြီး တောင်ကြီးမြို့မှာတော့ ဟိုတယ်နှင့် တည်းခိုရိပ်သာအလုံး ၅၀ ကျော်ရှိကြောင်းနှင့် နှစ်စဉ်ပွဲတော်ရက်ကာလအတွင်း ပြည်တွင်းပြည်ပခရီးသွား ဧည့်သည် ဝင်ရောက်မှုဟာ ၂ သိန်းခွဲနှင့် ၃ သိန်းနီးပါးအထိရှိနေတယ်လို့ ရှမ်းပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ရဲ့စာရင်းများအရ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်းမှာ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို လာမည့် အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၅ ရက်အထိ ၈ ရက်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပွဲတော်ရက်ကာလ အတွင်း ခြေနှစ်ချောင်း၊ ခြေလေးချောင်း အရုပ်အုပ်စုမီးပုံးပျံများ နေ့စဉ် ၁၀ လုံးနှင့်ညပိုင်းမှာ စိန်နားပန်နှင့် ညမီးကျည် မီးပုံးပျံစုစုပေါင်း အလုံး ၇၀ ကျော်အထိ လွှတ်တင်နိုင်ရန်စီစဉ်ထားကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံးပျံ ပညာရှင်များအသင်းမှ သိရပါတယ်။ (NVS 004)

17 Oct

ADVERTISE HERE .