“တိုင်းရင်းသားလူမျိုးများ စာပို့တံဆိပ်ခေါင်းသစ် ရောင်းချမည်”
17 Oct
တိုင်းရင်းသားလူမျိုးများ ၂၀၀ ကျပ်တန် ၈ လုံးပါ Block of Stamp အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုး ကို လာမယ့်အောက်တိုဘာလ ၂၀ ရက်မှစတင်ပြီး စာတိုက်ကြီးတွေမှာ ရောင်းချပေးသွားမယ်လို့ မြန်မာ့စာတိုက် လုပ်ငန်းကနေ ထုတ်ပြန်ထားပါတယ်။ တိုင်းရင်းသားလူမျိုးတွေအလိုက် ထုတ်ဝေခဲ့ပြီးတဲ့ တံဆိပ်ခေါင်းတွေကို တံဆိပ်ခေါင်းစုဆောင်းသူဝါသနာရှင် တွေ တစ်စုတစ်စည်းတည်း စုဆောင်းနိုင်ဖို့ ရည်ရွယ်ပြီး အခုလိုစာပို့တံဆိပ်ခေါင်းသစ်ရောင်းချပေးတာလို့ ဆိုပါတယ်။ စာပို့တံဆိပ်ခေါင်းသစ်ကိုတော့ အောက်တိုဘာလ ၂၀ ရက်၊ မနက် ၉ နာရီခွဲအချိန်ကစပြီး နေပြည်တော် ဗဟိုစာတိုက် ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်တွေရှိ စာတိုက်ကြီး တွေမှာ တစ်ပြိုင်တည်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အထူးအစီအစဉ်တစ်ရပ်အနေနဲ့ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနဲ့ မန္တလေးစာတိုက်ကြီးတို့မှာ အောက်တိုဘာလ ၂၀ ရက်မှာ လာရောက်ဝယ်ယူတဲ့ စာပို့တံဆိပ် ခေါင်းပေါ်မှာ နေ့စွဲအမှတ်အသား တံဆိပ် ရိုက်နှိပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 004)