“မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ဂျပန်ခရီးစဉ်ကို ကစားသမား ၂၅ ဦး ခေါ်ဆောင်သွားမည်”
16 Oct
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ ဂျပန်ခရီးစဥ်အတွက် ကစားသမား ၂၅ ဦး ခေါ်ဆောင်သွားမယ်လို့ သိရပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ လာမယ့်ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ ပြီးခဲ့တဲ့အောက်တိုဘာ ၈ ရက်ကစပြီး ပဏာမကစားသမား ၃၀ ဦးနဲ့ လေ့ကျင့်နေလျက်ရှိပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ လာမယ့်အောက်တိုဘာ ၁၈ ရက်မှာ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ကို ထွက်ခွာမှာဖြစ်ပြီး ၂၆ ရက်အထိ နေထိုင်လေ့ကျင့်မှု တွေပြုလုပ်ကာ ခြေစမ်းပွဲတွေ ကစားသွားဖို့ရှိနေပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ ဂျပန်ခရီးစဥ်အတွင်း ဂျပန်လူငယ်အကယ်ဒမီအသင်းတွေ၊ တက္ကသိုလ်အသင်း တွေနဲ့ လေ့ကျင့်ရေးခြေစမ်းပွဲတွေကစားဖို့ စီစဥ်ထားကြောင်း သိရပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး သြစတြေးလျအသင်းကို ရှုံးနိမ့်ကာ ချန်ပီယံဆုဖလားကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ (NVS 008)