“မြောက်ကိုရီးယားက စစ်ရေးပြအခမ်းအနားတွင် တိုက်ချင်းပစ်ဒုံးကျည်အသစ်ကို ထုတ်ဖော်ပြသ”
14 Oct
မြောက်ကိုရီးယားနိုင်ငံက အောက်တိုဘာလ ၁၀ ရက်ညပိုင်းတွင် ကြီးကျယ်ခမ်းနားသော စစ်ရေးပြ အခမ်းအနားကြီးတစ်ရပ်ကိုကျင်းပပြီး စစ်ရေးပြအခမ်းအနားသို့ တက်ရောက်လာသော နိုင်ငံတကာမှခေါင်းဆောင် များ ရှေ့မှောက်၌ နောက်ဆုံးထုတ်လုပ်ထားသည့် တိုက်ချင်းပစ်ဒုံးကျည် အမျိုးအစားအသစ်ကို ထုတ်ဖော် ပြသ လိုက်သည်ဟု မြောက်ကိုရီးယားအစိုးရ၏ KCNA သတင်းဌာနက အောက်တိုဘာလ ၁၁ ရက် တွင် ဖော်ပြ ထားသည်။ မြောက်ကိုရီးယားနိုင်ငံ၏အာဏာရ အလုပ်သမားပါတီတည်ထောင်မှု နှစ်(၈၀)ပြည့် အထိမ်းအမှတ် အဖြစ် ထိုစစ်ရေးပြအခမ်းအနားကို ကျင်းပခြင်းဖြစ်ပြီး ယင်းအခမ်းအနားသို့ တရုတ်နိုင်ငံဝန်ကြီးချုပ် လီကျန်း၊ ရုရှားနိုင်ငံ၏လုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီမက်ဗီဒက်၊ ဗီယက်နမ်ကွန်မြူနစ်ပါတီခေါင်းဆောင် တိုလမ်း နှင့်အခြားနိုင်ငံများစွာမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်သည်။ ယခုစစ်ရေးပြအခမ်းအနား၌ ထုတ်ဖော်ပြသလိုက်သော တိုက်ချင်းပစ်ဒုံးကျည်က Hwasong-20 အမျိုးအစား တိုက်ချင်းပစ် အမြင့်ပျံဒုံးကျည်ဖြစ်ကြောင်း၊ ၎င်းသည် နိုင်ငံ၏အခိုင်မာဆုံးသော နျူကလီးယား မဟာဗျူဟာ လက်နက်စနစ်ဖြစ်ကြောင်း KCNA သတင်းဌာနက ဖော်ပြထားသည်။ ယင်းဒုံးကျည်သည် အမေရိကန်ပြည်မကြီးရှိ မည်သည့်နေရာတွင်မဆိုရှိသည့်ပစ်မှတ်များကို တိကျမှုရှိစွာ ထိမှန်အောင်ပစ်ခတ်နိုင်စွမ်းရှိကြောင်း The Straits Times သတင်းဌာနဖော်ပြချက်အရ သိရသည်။