နည်းပြ အာမိုရင် ကို စာချုပ်သက်တမ်းကုန်ဆုံးချိန်ထိ တာဝန်ပေးအပ်မည်
10 Oct
မန်ယူအသင်း ပူးတွဲပိုင်ရှင် ရက်ကလစ်ချ် က အသင်းနည်းပြ အာမိုရင် ကို ထုတ်ပယ်ရန် အစီအစဉ်မရှိဘဲ စာချုပ်သက်တမ်းကုန်ဆုံးချိန်ထိ အချိန်ပေးသွားမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ရက်ကလစ်ချ် က မန်ယူအသင်း ပူးတွဲပိုင်ရှင်ဖြစ်တဲ့အပြင် အသင်းရဲ့ အားကစားဆိုင်ရာလှုပ်ရှားမှုများအားလုံးကို လည်း ဆုံးဖြတ်ပိုင်ခွင့် ရရှိထားသူဖြစ်ပါတယ်။ နည်းပြ အာမိုရင် က ပြီးခဲ့တဲ့ ဘောလုံးရာသီဝက်ကာလမှ စတင်ပြီး မန်ယူအသင်းကို စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီး ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ဘဲ ဥရောပဝင်ခွင့်နဲ့ပါ လွဲချော်ခဲ့ရပါတယ်။ ဒါကြောင့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလမှာ နည်းပြ အာမိုရင် စိတ်ကြိုက် ကစားသမားများကို ခေါ်ယူခွင့်ပေးထားခဲ့ပေမယ့် မန်ယူအသင်းအနေနဲ့ ရာသီအစပိုင်းကတည်းက ရုန်းကန်နေရပြီး ရလဒ်ကောင်းများ ရယူနိုင်ခြင်း မရှိသေးတဲ့အတွက် ဝေဖန်မှုများနဲ့သာ ရင်ဆိုင်နေရခြင်းဖြစ်ပါတယ်။ နည်းပြ အာမိုရင် ရဲ့ အနာဂတ်က မရေမရာဖြစ်လာခဲ့ပြီး နည်းပြသစ်ခန့်အပ်ရန် သတင်းများထွက်ပေါ်ခဲ့ပေမယ့် ရက်ကလစ်ချ် က နည်းပြ အာမိုရင် ကို အပြည့်အဝထောက်ခံထားပြီး စာချုပ်သက်တမ်းကုန်ဆုံးမည့် ၂၀၂၇ ခုနှစ်ထိ အချိန်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။(NVS 008)