စပိန်အား NATO အဖွဲ့မှ “ထုတ်ပယ်” ရန် ထရမ့် အဆိုပြု
10 Oct
စပိန်နိုင်ငံက ကာကွယ်ရေးအသုံးစရိတ်အား ပမာဏအများအပြားတိုးမြှင့်ရန် ငြင်းပယ်မှုကြောင့် စပိန်အား NATO အဖွဲ့မှ ထုတ်ပယ်ရန် စဉ်းစားသင့်သည်ဟု အမေရိကန်သမ္မတ ထရမ့် က အောက်တိုဘာလ ၉ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်၏ဖိအားပေးမှုကြောင့် NATO အဖွဲ့သည် အဖွဲ့ဝင်နိုင်ငံများ၏ နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ် အချိုးအဆကို လက်ရှိ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုး(GDP)၏ ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းထိ မြှင့်တင်ရန် ကတိပြုခဲ့သည်။ စပိန်အနေဖြင့် “ဒီလိုမလုပ်စရာ အကြောင်းမရှိဘူး” ၊ ၎င်းအား “NATO အဖွဲ့က ထုတ်ပယ်” သင့်ကြောင်း ထရမ့် က အိမ်ဖြူတော်၌ ခရီးစဉ်လာရောက်သည့် ဖင်လန်သမ္မတ Alexander Stubb အား တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။ ၎င်းအနေဖြင့် ဥရောပအကြီးအကဲများက စပိန်ကို ဖိအားပေးရန်လည်း တောင်းဆိုခဲ့ပြီး “သူတို့ကို ဖုန်းဆက်ပြီး မေးလိုက်ပါ။ ဘာဖြစ်လို့ အမြဲတမ်း နောက်ကျအောင်လုပ်နေလဲလို့ မေးလိုက်ပါ” ဟု ပြောကြား ခဲ့သည်။ ယခုနှစ် ဇွန်လ၌ ကျင်းပသည့် NATO အဖွဲ့ ထိပ်သီးအစည်းအဝေးတွင် NATO အဖွဲ့ဝင်နိုင်ငံများက ၂၀၃၅ ခုနှစ်မတိုင်မီ ကာကွယ်ရေးအသုံးစရိတ်၏ အချိုးအဆအား မိမိနိုင်ငံ GDP ၏ ၅ ရာခိုင်နှုန်းအထိ တဖြည်းဖြည်း မြှင့်တင်သွားရန် ကတိပြုခဲ့ကြသည်။ စပိန်နိုင်ငံဝန်ကြီးချုပ် Pedro Sánchez က ထိပ်သီးအစည်းအဝေး ကြေညာချက်၌ လက်မှတ်ရေးထိုးခဲ့သော်လည်း မိမိနိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်အား လက်ရှိအဆင့်အတန်း GDP ၏ ၂.၁ ရာခိုင်နှုန်း၌ ဆက်လက်ထိန်းသိမ်းထားမည်ဟု အခိုင်အမာ ပြောဆိုခဲ့သည်။ ယင်းအပေါ် ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုအတွင်း စပိန်က ကာကွယ်ရေးအသုံးစရိတ်ကို တစ်ဆင့်တိုး မြှင့်တင်ရန် ငြင်းပယ်မှုအတွက် ပေးဆပ်စေရမည်ဟု ထရမ့် က ခြိမ်းခြောက်ခဲ့ဖူးသည်။ စပိန်စစ်တပ်အနေဖြင့် အမေရိကန်မှ F-35 ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်ဝယ်ယူမည့် အစီအစဉ်အား “လုံးဝရပ်ဆိုင်းထား” ပြီး ဖြစ်သည်ဟု စပိန်မီဒီယာများက ဩဂုတ်လတွင် သတင်းဖော်ပြခဲ့သည်။ ထရမ့်အစိုးရအနေဖြင့် NATO အဖွဲ့ အခြားသောအဖွဲ့ဝင်နိုင်ငံများကို ကာကွယ်ရေးအသုံးစရိတ် အချိုးအဆ အား GDP ၏ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် အစဉ်တစိုက် တောင်းဆိုခဲ့ပြီး ဥရောပက ကာကွယ်ရေးအရေးကိစ္စတွင် “အမေရိကန်နှင့် ကပ်လိုက်၍” မရစေရဟုဆိုခဲ့ရာ ယင်းကြောင့် မိတ်ဖက်များက ပြင်းပြင်းထန်ထန် မကျေနပ်မှုများ ဖြစ်ခဲ့သည်။ သို့သော် NATO အချက်အလက်များအရ အမေရိကန်၏ ၂၀၂၄ ခုနှစ် ကာကွယ်ရေးအသုံးစရိတ် အချိုးအဆ သည် GDP ၏ ၃.၄ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ ထရမ့် က အမေရိကန်အနေဖြင့် ၅ ရာခိုင်နှုန်း ရည်မှန်းချက်ကို လိုက်နာရန်မလိုအပ်ကြောင်း ဆိုခဲ့သော်လည်း တစ်ချိန်တည်းတွင် အခြားမိတ်ဖက်နိုင်ငံများ အနေဖြင့် တာဝန်ကို မဖြစ်မနေထမ်းဆောင်ရန် တောင်းဆိုခဲ့သည်။