ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အစ္စရေးအစိုးရ အတည်ပြု
10 Oct
ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးအစိုးရက အတည်ပြုပြီးဖြစ်ကြောင်း၊ အစ္စရေး စစ်တပ်သည် ၂၄ နာရီအတွင်း စစ်တပ်များရုပ်သိမ်းပြီး အပစ်အခတ်ရပ်စဲမည်ဖြစ်ကာ ထို့နောက် ၇၂ နာရီအတွင်း ဖမ်းဆီးထားသူများကို ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးသည် အောက်တိုဘာလ ၁၀ ရက် နံနက်အစောပိုင်းတွင် ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။ အဆိုပါသဘောတူညီချက်အရ အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသရှိ စစ်ရေးလှုပ်ရှားမှုများကို ရပ်စဲကာ ဂါဇာကမ်းမြောင်ဒေသ ဒေသအချို့မှ ဆုတ်ခွာမည်ဖြစ်ပြီး အစ္စရေးဖမ်းဆီးထားသော ပါလက်စတိုင်း အကျဉ်းသား ၂,၀၀၀ ကျော် ပြန်လွှတ်ပေးမည်ဖြစ်ကာ အပြန်အလှန်အားဖြင့် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု(ဟားမက်စ်)သည် ဖမ်းဆီးထားသော အစ္စရေးအားလုံးကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံခြားမီဒီယာများ၏ ဖော်ပြချက်အရ လက်ရှိအချိန်တွင် ဂါဇာ၌ အသက်ရှင်လျက်ရှိသော ဖမ်းဆီးခံ အစ္စရေး ၂၀ ဦးရှိဆဲဖြစ်ပြီး အခြားသူ ၂၆ ဦး သေဆုံးကာ ၂ ဦး ပျောက်ဆုံးနေလျက်ရှိကြောင်း၊ သေဆုံးသူများ၏ ရုပ်အလောင်းများကို ပြန်လည်အပ်နှံခြင်းသည် အသက်ရှင်လျက်ရှိသော ဖမ်းဆီးခံများကို လွှတ်ပေးခြင်းထက် ပိုမိုကြာမြင့်နိုင်ကြောင်း ဟားမက်စ်က ပြောကြားခဲ့သည်ဟု သိရသည်။ ထို့ပြင် အစားအသောက်နှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ တင်ဆောင်လာသည့် ထရပ်ကားရာနှင့်ချီကို ဂါဇာကမ်းမြောင်ဒေသသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး အိမ်ရာများဖျက်ဆီးခံခဲ့ရသော၊ တဲများတွင် ကာလရှည်ကြာစွာ ခိုလှုံနေရသော ဂါဇာပြည်သူများအတွက် အကူအညီပေးမည်ဖြစ်ကြောင်း သဘောတူညီချက်တွင် ပြဋ္ဌာန်းထားသည်။ (Report from Xinhua Myanmar)