ကမ္ဘာ့စီးပွားရေး၏ စမ်းသပ်မှုအစစ်အမှန် မကြာမီကျရောက်လာနိုင်ကြောင်း IMF ဦးဆောင်ညွှန်ကြားရေးမှူး ဆို

10 Oct

ကမ္ဘာ့စီးပွားရေးသည် မျှော်မှန်းချက်ထက်ကောင်းမွန်သော်လည်း “လိုအပ်သည့်အဆင့်” သို့ ရောက်ရှိခြင်း မရှိကြောင်း၊ “ကမ္ဘာ့စီးပွားရေး ကြံ့ကြံ့ခံနိုင်ရည်ရှိမှုဟာ ဘက်စုံစမ်းသပ်ခံရခြင်းမရှိသေးဘဲ စမ်းသပ်မှုအစစ်အမှန် မကြာမီကျရောက်လာနိုင်တော့မှာကို ပူပန်ဖွယ်ရာ အခြေအနေများက ဖော်ပြနေပါတယ်” ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဦးဆောင်ညွှန်ကြားရေးမှူး Kristalina Georgieva က အောက်တိုဘာလ ၈ ရက်တွင် အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အကျိုးအမြတ်မယူသော Think Tank အဖွဲ့ Milken Institute တွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။ လက်ရှိကမ္ဘာကြီးသည် ကြီးမားနက်ရှိုင်းတဲ့ ပြုပြင်ပြောင်းလဲမှုအတွင်း ရောက်ရှိနေကြောင်း၊ ပထဝီ နိုင်ငံရေး၊ သိပ္ပံနည်းပညာတော်လှန်ရေး၊ လူဦးရေဖွဲ့စည်းပုံ စသည့် အကြောင်းအချက်များ ပြောင်းလဲမှုနှင့် လူသား များကြောင့် ကမ္ဘာကြီးကိုဖြစ်စေသည့် တစ်နေ့တခြားဆိုးရွားသော ထိခိုက်မှုများကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာအတွင်း၌ “မသေချာမရေရာမှုများ အပြင်းအထန်မြင့်တက်လာပြီး စဉ်ဆက်မပြတ် တိုးတက် လာလျက်ရှိကြောင်း” Kristalina Georgieva က ပြောကြားခဲ့သည်။ “မသေချာမရေရာမှုက ပုံမှန်အခြေအနေအသစ် ဖြစ်လာပြီး ဆက်လက်ဖြစ်ပေါ်သွားမှာပါ” ဟု ၎င်းက ယူဆသည်။ စည်းကြပ်ခွန်မူဝါဒ၏ အကျိုးသက်ရောက်မှုအားလုံးသည် ပေါ်ထွက်လာမှု မရှိသေးကြောင်း Kristalina Georgieva က ဆိုသည်။ အမေရိကန်၌ လုပ်ငန်းကုမ္ပဏီများ၏ အကျိုးအမြတ်ဖိနှိပ်ခံရပါက ဈေးနှုန်းကို မြှင့်တင် နိုင်ပြီး ငွေကြေးဖောင်းပွမှု ဖိအားအသစ်များ သယ်ဆောင်လာနိုင်ကြောင်း၊ တစ်ချိန်တည်းတွင် မူလက အမေရိကန် ဈေးကွက်သို့ တင်ပို့ရောင်းချမည့် ကုန်ပစ္စည်းအများအပြားသည်လည်း အခြားနိုင်ငံဈေးကွက်သို့ ပြောင်းရွှေ့ခံရ နိုင်ပြီး ယင်းသည် “ဒုတိယအကြိမ် စည်းကြပ်ခွန်မြှင့်တင်မှု” ဖြစ်လာနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။   လျော့ရဲသော ဘဏ္ဍာရေးပတ်ဝန်းကျင်က “အားပျော့မှု အလားအလာ” ကို ဖုံးကွယ်ထားကြောင်း၊ “မျှော်မှန်းတန်ဖိုးက ပြန်လည်မြှင့်တင်မှု အများအပြားဖြစ်လာတာနဲ့ ဘဏ္ဍာရေးပတ်ဝန်းကျင် ကျပ်တည်းလာကာ ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို နှောင့်နှေးစေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအခြေအနေကို ပိုပြီးအကျပ်အတည်း ဖြစ်သွား စေမှာပါ” ဟု Kristalina Georgieva က ယူဆသည်။ လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးသည် စည်းစနစ်ရှုပ်ထွေးမှုများ ဖြစ်နေသော်လည်း ကုန်သွယ်ရေး အများစုသည် စည်းကမ်းအတိုင်း လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် ကုန်သွယ်ရေး၏ စီးပွားရေးတိုးတက်မှု မောင်းနှင်အားကို ကာကွယ်ထိန်းသိမ်းရန် တိုက်တွန်းလိုကြောင်း Kristalina Georgieva က ပြောကြားခဲ့သည်။ IMF ၏ ဇူလိုင်လ “ကမ္ဘာ့စီးပွားရေးမျှော်မှန်းချက်” ထဲတွင် ယခုနှစ် တစ်ကမ္ဘာလုံး GDP တိုးတက်မှုနှုန်းသည် ၃ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၄ ခုနှစ် တိုးတက်မှုထက် နှေးကွေးလာကြောင်း ကြိုတင်မျှော်မှန်းခဲ့သည်။ အဆိုပါ အဖွဲ့သည် အောက်တိုဘာလ ၁၃ ရက်မှ ၁၈ ရက်အထိ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့၌ ကျင်းပမည့် နှစ်ပတ်လည် အစည်းအဝေး၌ စီးပွားရေးတိုးတက်မှု မျှော်မှန်းချက်အသစ် ထုတ်ပြန်သွားမည်ဖြစ်ပေသည်။ (Report from Xinhua Myanmar)

10 Oct

ADVERTISE HERE .