ချီကာဂိုမြို့တော်ဝန်နှင့် အီလီနွိုက်ပြည်နယ် အုပ်ချုပ်ရေးမှူးတို့ ထောင်ထဲဝင်သင့်သည်ဟု ထရမ့် ပို့စ်တင်
10 Oct
အမေရိကန်ဖက်ဒရယ်အစိုးရက အီလီနွိုက်ပြည်နယ် ချီကာဂိုမြို့သို့ အမျိုးသားအစောင့်တပ် စေလွှတ် တော့မည့်အချိန်တွင် အမေရိကန်သမ္မတ ထရမ့် က အောက်တိုဘာလ ၈ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ဒီမိုကရက်တစ်ပါတီဝင် ချီကာဂိုမြို့တော်ဝန် Brandon Johnson နှင့် အီလီနွိုက်ပြည်နယ် အုပ်ချုပ်ရေးမှူး JB Pritzker တို့ကို ထောင်ထဲထည့်ထားသင့်သည်ဟု ပြောကြားခဲ့သည်။ “ချီကာဂိုမြို့တော်ဝန်က အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် တရားဥပဒေစိုးမိုးရေးဌာန (ICE) အရာရှိများကို ကာကွယ်ပေးနိုင်ခြင်းမရှိတာကြောင့် ထောင်ထဲထည့်ထားသင့်တယ်။ အီလီနွိုက်ပြည်နယ် အုပ်ချုပ်ရေးမှူးရောပဲ” ဟု ထရမ့် က အောက်တိုဘာလ ၈ ရက် အစောပိုင်းတွင် လူမှုမီဒီယာ၌ ပို့စ်တင်ခဲ့သည်။ ထရမ့်အစိုးရသည် အီလီနွိုက်ပြည်နယ်သို့ အမျိုးသားအစောင့်တပ် စေလွှတ်ခဲ့ပြီးဖြစ်ရာ ပထမဆုံးအသုတ် အဖြစ် တက္ကဆက်ပြည်နယ် အမျိုးသားအစောင့်တပ် အဖွဲ့ဝင် ၂၀၀ ဦးသည် အောက်တိုဘာလ ၇ ရက်တွင် ချီကာဂို ဒေသသို့ ရောက်ရှိခဲ့ကြောင်း အမေရိကန်မီဒီယာများက ထိုနေ့တွင် သတင်းဖော်ပြခဲ့သည်။ အီလီနွိုက်ပြည်နယ်နှင့် ချီကာဂိုမြို့သည် ထရမ့်အစိုးရက ချီကာဂိုမြို့သို့ အမျိုးသားအစောင့်တပ် ဖြန့်ကြက် နေရာချထားခြင်းကို တားဆီးရန်အလို့ငှာ အောက်တိုဘာလ ၆ ရက်တွင် ထရမ့်အစိုးရကို တရားစွဲဆိုခဲ့သည်။ Brandon Johnson က ချီကာဂိုမြို့၌ အမျိုးသားအစောင့်တပ်အဖွဲ့ဝင်များ ဖြန့်ကြက်နေရာချထားခြင်း သည် “တရားဥပဒေချိုးဖောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေချိုးဖောက်ကာ အန္တရာယ်များတဲ့အပြင် မှားယွင်းတယ်” ဟု အောက်တိုဘာလ ၇ ရက်တွင် ထပ်မံအလေးထားပြောကြားခဲ့သည်။ JB Pritzker ကမူ လူမှုမီဒီယာ၌ ပို့စ်အား ပြန်လည်ဖြန့်ဝေ၍ ချီကာဂိုမြို့သည် ၉ နှစ်ဆက်တိုက် “အမေရိကန်နိုင်ငံတစ်ဝန်း အကောင်းဆုံးမြို့” ဖြစ်လာခဲ့ပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ချီကာဂိုမြို့သည် အီလီနွိုက်ပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သလို အမေရိကန်၏ တတိယအကြီးဆုံး မြို့လည်းဖြစ်သည်။ ထရမ့် သည် စက်တင်ဘာလဆန်းပိုင်းတွင် ချီကာဂိုမြို့အား အမည်တပ်၍ ၎င်းသည် ကမ္ဘာပေါ်တွင် “အဆိုးရွားဆုံး၊ အန္တရာယ်အများဆုံး” မြို့ဖြစ်သည်ဟုဆိုကာ ၎င်းအနေဖြင့် “ပြစ်မှုကျူးလွန်မှုအား တိုက်ဖျက်ရန်” အဆိုပါမြို့သို့ အမျိုးသားအစောင့်တပ် ဖြန့်ကြက်နေရာချထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Report from Xinhua Myanmar)