ငြိမ်းချမ်းရေး အစီအစဉ်” ပထမအဆင့် အစ္စရေးနှင့် ဟားမက်စ် သဘောတူညီမှုရရှိဟု ထရမ့် ဆို
10 Oct
အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှု(ဟားမက်စ်)တို့က အမေရိကန်အဆိုပြုသော ဂါဇာကမ်းမြောင်ဒေသ “ငြိမ်းချမ်းရေး အစီအစဉ်” ပထမအဆင့်ကို သဘောတူခဲ့ကြသည်ဟု အမေရိကန်သမ္မတ ထရမ့် က အောက်တိုဘာလ ၈ ရက် ညနေပိုင်းတွင် ဆိုရှယ်မီဒီယာ၌ ပို့စ်ရေးသား၍ ကြေညာခဲ့သည်။ “တည်ငြိမ် ခိုင်ခံ့တဲ့၊ အဓွန့်ရှည် ထာဝရဖြစ်တဲ့ ငြိမ်းချမ်းရေးရဲ့ ပထမခြေလှမ်းအဖြစ်” ဖမ်းဆီးထားခံရသော အစ္စရေးများအားလုံး မကြာမီတွင် ပြန်လွှတ်ပေးမည်ဖြစ်ပြီး အစ္စရေးစစ်တပ်ကလည်း နှစ်ဖက် ညှိနှိုင်းသတ်မှတ် ထားသော နယ်နိမိတ်မျဉ်းသို့ ပြန်လည်ဆုတ်ခွာမည်ဖြစ်သည်ဟု ဆိုလိုကြောင်း ထရမ့် က ပြောကြားခဲ့သည်။ ဘက်အသီးသီးအနေဖြင့် “တရားမျှတစွာ ဆက်ဆံခံရမည်” ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ထရမ့် က ကြားဝင်ဖျန်ဖြေပေးသူများဖြစ်သော ကာတာ၊ အီဂျစ်နှင့် တူကီယဲ တို့ကိုလည်း ကျေးဇူးတင်ခဲ့သည်။ ယင်းနိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အမေရိကန်ဘက်၏ အတူတကွ ကြိုးစားမှုကြောင့် ဤသမိုင်းဝင်ကိစ္စရပ်ကို လက်တွေ့ဖော်ဆောင်နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အီဂျစ်၊ ကာတာ စသည့် ကြားဝင်ဖျန်ဖြေပေးသည့်ဘက်များက ဂါဇာအပစ်အခတ်ရပ်စဲရေး အသစ်တစ်ဖန် စေ့စပ်ညှိနှိုင်းမှုသည် ဂါဇာအပစ်အခတ်ရပ်စဲရေး ပထမအဆင့်သဘောတူညီချက် စည်းကမ်းချက်အားလုံးနှင့် လက်တွေ့ဖော်ဆောင်ရေး ယန္တရားများအားလုံးကို အကျုံးဝင်သည့် သဘောတူညီချက်တစ်ရပ် ရရှိထားကြောင်း ကြေညာခဲ့ပြီး သဘောတူညီချက်၏ နောက်ဆုံးဗားရှင်းကို လက်ရှိတွင် ရေးဆွဲလျက်ရှိကြောင်း အတည်ပြုခဲ့သည် ဟု အီဂျစ်နိုင်ငံ ကိုင်ရိုသတင်း ရုပ်သံလိုင်းက သတင်းထုတ်ပြန်ခဲ့သည်။ ဟားမက်စ်၊ အစ္စရေးဝန်ကြီးချုပ်ရုံး အသီးသီးတို့က ကြေညာချက်ထုတ်ပြန်၍ သဘောတူညီချက် ရရှိ ခဲ့ကြောင်း အတည်ပြုခဲ့ကြသည်။ အစောပိုင်းတွင် “The Times of Israel” ဝက်ဘ်ဆိုက်၌ စေ့စပ်ညှိနှိုင်းမှုနှင့် ရင်းနှီးသော အစ္စရေး သတင်းအရင်းအမြစ်များစွာက ဂါဇာအပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှု၏ အဓိကအခက်အခဲကို ဖြေရှင်းခဲ့ပြီး ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိသည်မှာ လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ အကြောင်းအရာများသာဖြစ်ကြောင်း၊ အစ္စရေးနှင့် ဟားမက်စ်တို့ အောက်တိုဘာလ ၉ ရက်တွင် သဘောတူညီချက် လက်မှတ်ရေးထိုး၍ ဖမ်းဆီးခံထား ရသူများ အောက်တိုဘာလ ၁၁ ရက်တွင် ပြန်လွှတ်ပေးနိုင်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အောက်တိုဘာလ ၈ ရက် အစောပိုင်းတွင် ထရမ့် က အီဂျစ်နိုင်ငံတွင် ကျင်းပနေသော ဂါဇာကမ်းမြောင် ဒေသ အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှုမှာ သဘောတူညီမှုရရှိရန် အလွန်နီးစပ်လာသောကြောင့် ၎င်းအနေဖြင့် ယခုသီတင်းပတ်တွင် အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်နိုင်ကြောင်း၊ ဟားမက်စ်နှင့် အစ္စရေးတို့သည် ဂါဇာ အပစ်အခတ်ရပ်စဲရေး အသစ်တစ်ဖန် စေ့စပ်ညှိနှိုင်းမှုကို အီဂျစ်နိုင်ငံ Sharm El-Sheikh မြို့တွင် အောက်တိုဘာလ ၆ ရက်၌ စတင်ခဲ့ပြီး အောက်တိုဘာလ ၈ ရက်သည် အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှု တတိယနေ့ဖြစ်ကြောင်း အိမ်ဖြူတော်၌ မီဒီယာများထံ ပြောကြားခဲ့သည်။ (Report from Xinhua Myanmar)