ဂါဇာသဘောတူညီချက်အတွက် အရှေ့အလယ်ပိုင်းသို့ ယခုသီတင်းပတ်ကုန်၌ သွားရောက်ဖွယ်ရှိကြောင်း ထရမ့် ပြောကြား
10 Oct
ဂါဇာကမ်းမြောင်ဒေသဆိုင်ရာ သဘောတူညီချက်ကိုရရှိရန် အလွန်နီးစပ်နေပြီဖြစ်လို့ ၎င်းအနေဖြင့် ယခုသီတင်းပတ်ကုန်၌ အရှေ့အလယ်ပိုင်းသို့ သွားရောက်ဖွယ်ရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အောက်တိုဘာလ ၈ ရက်၌ ပြောကြားခဲ့သည်။ “စေ့စပ်ညှိနှိုင်းမှုတွေက တော်တော်လေးကိုအဆင်ပြေပါတယ်” ဟု ထရမ့်က အိမ်ဖြူတော်၌ ပြောကြား ခဲ့သည်။ “ကျွန်တော် အဲဒီကို အခုသီတင်းပတ်ကုန်ခါနီးလောက်မှာ သွားဖြစ်မှာပါ” ဟုလည်း ထရမ့် က ပြောကြား ခဲ့သည်။ အစ္စရေးနှင့် ဟားမတ်စ်တို့ကြား စေ့စပ်ညှိနှိုင်းမှုများမှာ အီဂျစ်ပင်လယ်နီအပန်းဖြေစခန်း Sharm el-Sheikh ၌ အောက်တိုဘာလ ၈ ရက်တွင် တတိယမြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်သည်။ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် အထူးသံတမန် စတိဗ် ဝစ်တော့ဖ် နှင့် သမ္မတ ထရမ့်၏ သားမက် ဂျရက်ကွတ်ရှ်နာ တို့လည်းပါဝင်သည့် တစ်ဆင့်ခံဆွေးနွေးပွဲကို အီဂျစ်၊ ကာတာနှင့် တူကီယဲတို့မှ အဆင့်မြင့် အရာရှိများ တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးလျက်ရှိသည့် ညှိနှိုင်းမှုများအောင်မြင်ပါက အလားအလာရှိသော သဘောတူညီချက်တစ်ရပ် အတွက် လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ရန် ထရမ့် အား အီဂျစ်သမ္မတ အက်ဘ်ဒယ် ဖာတာ အယ်စီစီ က အောက်တိုဘာလ ၈ ရက်၌ ဖိတ်ကြားခဲ့သည်။ ယခုအချိန်တွင် ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော်လည်း ဆွေးနွေးပွဲ များမှာ အရေးကြီးသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ (Report from Xinhua Myanmar)