သတ္တု-အော်ဂဲနစ် ဖွဲ့စည်းမှုများ တီထွင်နိုင်သည့်အတွက် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုကို သိပ္ပံပညာရှင်သုံးဦး ရရှိ

10 Oct

သတ္တု-အော်ဂဲနစ် ဖွဲ့စည်းမှုများ(MOFs)ကို တီထွင်နိုင်သည့်အတွက် သိပ္ပံပညာရှင် သုံးဦးဖြစ်သည့် ဆုဆုမု ကိတာဂါဝါ၊ ရစ်ချက်ဒ် ရော့ဘ်ဆင်နှင့် အိုမာ အမ် ယာဂီ တို့အား ၂၀၂၅ ခုနှစ်အတွက် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်လိုက်ကြောင်း တော်ဝင် ဆွီဒင်သိပ္ပံအကယ်ဒမီက အောက်တိုဘာလ ၈ ရက်၌ ကြေညာခဲ့သည်။ “၂၀၂၅ ခုနှစ်အတွက် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုရရှိခဲ့တဲ့သူတွေဟာ ဓာတ်ငွေ့တွေနဲ့ တခြားဓာတု ပစ္စည်းတွေ ဖြတ်သန်းစီးဆင်းနိုင်ဖို့ နေရာလွတ်အကျယ်ကြီးတွေရှိတဲ့ မော်လီကျူး ဖွဲ့စည်းတည်ဆောက်မှုတွေကို ဖန်တီးနိုင်ခဲ့ပါတယ်” ဟု ယင်းအကယ်ဒမီက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖွဲ့စည်းမှုများဖြစ်သည့် သတ္တု-အော်ဂဲနစ် ဖွဲ့စည်းမှုများအား ပူပြင်းခြောက်သွေ့သည့် လေထုထဲမှ ရေရယူခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များကိုဖမ်းယူခြင်း၊ အဆိပ်သင့်ဓာတ်ငွေ့များကို သိုလှောင်ခြင်းနှင့် ဓာတုဓာတ်ပြုမှုများကို အထောက်အကူပေးခြင်းတို့အတွက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း တော်ဝင် ဆွီဒင်သိပ္ပံ အကယ်ဒမီ က ဖြည့်စွက်ပြောကြားခဲ့သည်။ ကိတာဂါဝါ မှာ ဂျပန်နိုင်ငံရှိ ကျိုတိုတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်ကာ ရော့ဘ်ဆင် မှာမူ ဗြိတိန်နိုင်ငံတွင် မွေးဖွားသူဖြစ်ပြီး ဩစတြေးလျနိုင်ငံရှိ မဲလ်ဘုန်းတက္ကသိုလ်၌ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ဂျော်ဒန်နိုင်ငံ အမ်မန်မြို့တွင် မွေးဖွားသူဖြစ်သည့် ယာဂီ မှာမူ အမေရိကန်နိုင်ငံ ဘာကလေမြို့ရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်ကြောင်း သိရသည်။ “MOF တွေဟာ ကြီးမားတဲ့အလားအလာ ရှိနေတာမို့ လုပ်ဆောင်ချက်အသစ်တွေပါဝင်ပြီး စိတ်ကြိုက် ဖန်တီးထားတဲ့ပစ္စည်းတွေ ဖန်တီးဖို့အတွက် အရင်က ကြိုတင်မခန့်မှန်းနိုင်ခဲ့တဲ့ အခွင့်အလမ်းတွေကို ဆောင်ကြဉ်း ပေးပါတယ်” ဟု ဓာတုဗေဒပညာရပ်ဆိုင်ရာ နိုဘယ်ဆုရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ဟိုင်နာလင့်ခ် က ပြောကြား ခဲ့သည်။ (Report from Xinhua Myanmar)

10 Oct

ADVERTISE HERE .